Home သတင်း မြဝတီကုန်သွယ်ရေးဇုန်တွင် ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ စစ်ကောင်စီနှင့် (BGF)တို့ ငွေကြေး သိန်းချီ တောင်းခံ

မြဝတီကုန်သွယ်ရေးဇုန်တွင် ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ စစ်ကောင်စီနှင့် (BGF)တို့ ငွေကြေး သိန်းချီ တောင်းခံ

814
Photo: CJ

မေလ ၁၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ မြဝတီကုန်သွယ်ရေးဇုန်တွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) များမှ ဂိတ်ချပြီး ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ ငွေကြေးအဆမတန်ကောက်ခံမှုများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသည့် ယာဉ်မောင်းသမားများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းလောက်ကတည်းကစ၍ အဆိုပါ ပူးပေါင်း ဂိတ်ချစစ်ဆေးမှုများပြုလုပ်ရာတွင် ယာဉ်အကြီးအသေးနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုအပေါ်မူတည်ပြီး ငွေကြေး ပမာဏအမျိုးမျိုး ကောက်ခံခြင်းဖြစ်ကြောင်း ကုန်တင်ကားမောင်းသမားတစ်ဦးက ယခုလို ပြောသည်။

၎င်းက“ကားကြီးတွေက ပေးရတာများတယ်။ တစ်စီးကိုနှစ်သိန်းထိကိုပေးရတယ်။ မပေးမနေရပေါ့နော်။ BGFက နှစ်ဂိတ် ရဲနဲ့စစ်သားက နှစ်ဂိတ်။ ကုန်သွယ်ရေးဇုန်ထိပ်ကနေစပြီး စုစုပေါင်းခုနှစ်ဂိတ်ရှိတယ်။ ကားသေးတွေ ကျတော့ပစ္စည်းတင်ရင် ပစ္စည်းကိုကြည့်ပြီးပေးရတယ်။ ခရီးသည်တင်ရင်လည်း ခရီးသည် ကို ကြည့်ပြီး ပေးရတာပေါ့။ စစ်ဆေးတာတွေလည်းရှိတယ်။ တိုက်ပွဲဖြစ်ပြီးပြီးချင်းတော့ မကောက်‌ သေးဘူး၊ နောက်မှ အင်အားတိုးပြီး ကောက်တာ။”ဟု ကေအိုင်စီသို့ပြောသည်။

ယခုလို ငွေကြေးတောင်းခံမှုများလာသောကြောင့် ကုန်တင်ကားသမားများအနေဖြင့် အသွားအလာ နည်းပါးလာပြီး ခရီးသည်တင် ကားသမားများအနေဖြင့်လည်း ကားခပိုမိုကောက်ခံလာရသည့်အတွက် ခရီးသည်များပါ အသွားအလာနည်းပါးလာသောကြောင့် ယာဉ်လိုင်းမဆွဲကားရသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်းလည်း ကားသမားများက ပြောသည်။

ခရီးသည်တင်ကားသမားတစ်ဦးက “ငွေကြေးတွေကောက်တာများတော့ ခရီးသည်စရိတ်က ပိုတောင်း ရတယ်။ အဲ့ဒါကြောင့်နောက်ပိုင်း ခရီးသွားတွေနည်းလာတယ်။ ဘန်ကောက်တက်မဲ့သူတွေ ဆိုင်ကယ်နဲ့ တက်တဲ့သူတွေ လောက်ပဲရှိတော့တယ်။ အဲ့ဒါကြောင့် ခရီးသည်ပေးတဲ့ဈေးနဲ့ သူတို့တောင်း တဲ့ဈေးကမမျှတော့ ကိုယ့်အိတ်ထဲကစိုက်ထုတ်ရတာပေါ့။ အဲ့လိုအခက်အခဲတွေရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန်ကို ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော်-KNLA ၏ ကော်ဘရာစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ ကုန်သွယ် ရေးဇုန်တွင် စစ်ကောင်စီတပ်နှင့်ရဲအစောင့်အကြပ်များနည်းပါးသွားခဲ့ပြီး လတ်တလောတွင် လုံခြုံရေး ပြန်လည်တိုးမြှင့်ချထားပြီး ငွေကြေးတောင်းခံမှုများကို ပြုလုပ်လာခြင်းဖြစ်သည်ဟု ယာဉ်မောင်းသမားများက ဆိုသည်။