Home သတင်း ၁၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဒုခွဲမှူးအပါအဝင် ၂၆ ဦးသေဆုံးခဲ့ဟု KNU ထုတ်ပြန်

၁၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဒုခွဲမှူးအပါအဝင် ၂၆ ဦးသေဆုံးခဲ့ဟု KNU ထုတ်ပြန်

907
Photo: KNU

မေလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ ၅ နယ်မြေတွင် ယခုမေလ ၁ ရက်နေ့မှစ၍ ၁၅ ရက်နေ့အထိ ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ခွဲမှူးတစ်ဦးနှင့် တပ်ကြပ်ကြီး တစ်ဦးအပါအဝင် ၂၆ ဦးသေဆုံးခဲ့သည်ဟု ကေအဲန်ယူ−မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့မေလ ၁၆ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကေအဲန်ယူ−မူတြော်ခရိုင်သို့ နယ်မြေကျူးကျော်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)အမှတ် ၅ တပ်မဟာ၊ လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂၆ ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်တွင်လည်း ၂ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

၁၅ ရက်တာကာလအတွင်း စစ်ကောင်စီတပ်များနှင့် (KNLA) တပ်ဖွဲ့များအကြား တိုက်ပွဲပေါင်း (၆၃) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ထောက်ပို့ယာဉ် ၂ စီးနှင့် မြင်းလား ၂ စီးကို သုတ်သင်ရှင်း လင်းနိုင်ခဲ့ကြောင်းလည်း KNU မူတြော်ခရိုင်သတင်းစဉ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် တိုက်ပွဲဖြစ်စဉ်ကာလအတွင်း စစ်ကောင်စီတပ်၏ အမြှောက်တပ်များမှ ပြည်သူများနေထိုင်သည့် ကျေးရွာများ၊ ဥယျာဉ်ခြံမြေများအတွင်းသို့ လက်နက်ကြီး ၆ လုံး ပစ်ခတ်မှုကြောင့် ကျေးရွာ အတွင်းရှိ အပြစ် မဲ့ပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေသည့် တပ်မဟာ ၅ နယ်မြေရှိ ဖာပွန်−ကမမောင်းလမ်းမကြီးတွင်လည်း စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့တို့က ဧပြီလမှစ၍ အခြေခံစားသောက်ကုန်အများအပြား သယ်ယူခြင်းကို တစ်လလျှင် ၅ ရက်ခန့်သာ သယ်ယူခွင့်ပြုထားကြောင်းလည်း ဒေသခံများထံမှ သိရသည်။