မေလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ် ရပ်ကွက်များတွင် ယခုတလော ညအချိန် ဧည့်စာရင်းဝင်ရောက် စစ်ဆေးမှုများကို တင်းကြပ်စွာ ပြန်လည်လုပ်ဆောင်လာလျက်ရှိကြောင်း မြို့ခံများက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖားအံမြို့ပေါ် ရပ်ကွက်များတွင် ပြီးခဲ့သည့်လများက ဧည့်စာရင်း စစ်ဆေးခြင်းကို ရပ်နားထားခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း မြို့ပေါ်ရှိ လူနေအိမ်များကို ရှောင်တခင်ဧည့်စာရင်းဝင်ရောက်စစ်ဆေးခြင်းနှင့် ဒဏ်ကြေးငွေကောက်ခံခြင်းတို့ကိုပါ လုပ် ဆောင်နေ ကြောင်း အမည်မဖော်လိုသူ ဖားအံမြို့ခံတစ်ဦးက ယခုလို ပြောသည်။
“ဧည့်စာရင်းမစစ်တာတော့ ကြာပြီး။ ဒီရက်ပိုင်းမှ ပြန်စစ်လာတာ။ အိမ်မှာ ဧည့်သည်ရောက်လို့ ဧည့် စာရင်း လာမတိုင်ရင် ဒဏ်ငွေပေးရမယ်လို့ ပြောတယ်။ နှစ်သောင်းပေးရမယ်။ သူတို့လာစစ်ရင် စစ်သားတွေ၊ ရဲတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း ပါတယ်။ အဲ့လိုလာတော့ လန့်တာပေါ့။ လာဘဲဖမ်းတာလား။ ညဘက်လူမသိတဲ့အချိန်မှ လာတယ်။ သူတို့စစ်ချင်တဲ့အိမ် မသင်္ကာတဲ့အိမ်တွေဆို ဝင်စစ်တယ်။” ဟု ၎င်းမြို့ခံက ကေအိုင်စီသို့ ပြောသည်။
ဧည့်စာရင်းစစ်ဆေးရာတွင်လည်း နေအိမ်ရှိ လူငယ်များကို ပစ်မှတ်ထားစစ်ဆေးနေပြီး မိုဘိုင်းဖုန်းများကို စစ်ဆေးခြင်းများပါ လုပ်ဆောင်လျက်ရှိသောကြောင့် ဒေသခံလူငယ်များအနေဖြင့် စိုးရိမ်နေကြရကြောင်း ၎င်းတို့ပြောစကားအရ သိရသည်၊၊
အမည်မဖော်လိုသူ လူငယ်တစ်ဦးက “တခြားလူကြီးတွေဆိုရင် သူတို့က ဒီတိုင်းအိမ်မှာဘယ်နှစ်ယောက်ရှိလဲ၊ အဲ့လောက်ပဲ တိုက်စစ်တယ်။ လူငယ်ယောက်ျားလေးတွေကိုမြင်ရင် ဖုန်းကိုပါယူစစ်တာ။ ဓာတ်ပုံထားတဲ့နေရာတွေ အစုံ လိုက်ဝင်ကြည့်တယ်။ သူတို့စိတ်ကျေနပ်မှ ဖုန်းကိုပြန်ပေးတယ်။ အရင်ကလည်း စစ်တာပဲ။ ဒါပေမဲ့ ဖုန်းကိုယူစစ်တာတော့မကြားဖူးဘူး။ ဒါပထမဦးဆုံးပဲ။” ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲများ ပြန်လည်ပြင်းထန် လာသလို ကရင်ပြည်နယ်၊ နယ်စပ်ဒေသများသို့ ထွက်ပြေးလာကြသူ အများအပြားရှိလာသည့်အပြင် မြို့ပေါ် တိုက်ပွဲများ ဖော်ဆောင်လာမည့် စိုးရိမ်မှုများကြောင့် ဖားအံမြို့ပေါ်တွင် ရှောင်တခင်ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။
ထို့အပြင် ဖားအံမြို့သံလွင်တံတားတွင်လည်း လုံခြုံရေး စစ်ဆေးနေသည့် စစ်ကောင်စီတပ်များက ပြီးခဲ့ သည့် ဧပြီလကုန်ပိုင်းမှစ၍ တံတားပေါ်ဖြတ်သန်းသွားလာသည့် ပြည်သူများထံမှ စစ်ဆေး ငွေညှစ်တောင်းခံမှုများ ပိုမိုလုပ်ဆောင်လာလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။



















