Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ် (ပအဖ)၏ မီးအိမ်ရှင်အခမဲ့ဆေးခန်းတွင် ဆေးဝါးနှင့် ဆေးခန်းသုံးပစ္စည်းများလိုအပ်နေ

ကြာအင်းဆိပ်ကြီးမြို့နယ် (ပအဖ)၏ မီးအိမ်ရှင်အခမဲ့ဆေးခန်းတွင် ဆေးဝါးနှင့် ဆေးခန်းသုံးပစ္စည်းများလိုအပ်နေ

692
Photo-မီးအိမ်ရှင် ဆေးခန်း

မေလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) ဖွင့်လှစ်ထားသော မီးအိမ်ရှင်အခမဲ့ဆေးကုခန်းတွင် လူနာများလာရောက်ဆေးကုသမှုများ လာသဖြင့် ဆေးဝါး၊ ကုသရေးဆိုင်ရာပစ္စည်းနှင့် အခြားဆေးခန်းသုံးပစ္စည်းများလိုအပ်လျက်ရှိကြောင်း ဆေးခန်းတာဝန်ရှိသူများက ပြောသည်။

အ‌ဆိုပါမီးအိမ်ရှင်ဆေးကုခန်းတွင် လာရောက်ဆေးကုသမှုခံယူသူများလာသဖြင့် လူနာများအတွက် နေရာ ထိုင်ခင်း၊ ဆေးဝါးများနှင့် မီးစက်အတွက် စက်သုံးဆီများ အရေးတကြီးလိုအပ်နေကြောင်း ဆေး ခန်း တာဝန်ခံ ဒေါ်အေးသီတာက ယခုလိုပြောသည်။

“အရင်ကလည်း လူနာက များတယ်။ အခုက ရာသီတုပ်ကွေးအဖြစ်များတာရယ်၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ထိခိုက်ဒဏ်ရာတွေ ရှိကြတယ်ပေါ့။ လူနာများရင်များသလို ဆေးတွေကုန်နေတော့ ဆေးဝါးလည်း လိုအပ်တယ်။‌ ဆေးဝါးရယ်၊ နေရာထိုင်ခင်းရယ်၊ မီးစက်ဆီဖိုးရယ် အဓိက အဲ့ဒီသုံးခုလိုအပ်နေတယ်။ တစ်ချို့လူနာတွေက ညညတစ်ခါတစ်လေဆေးရှူရတော့ မီးစက်နိုးရတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ဆေးရုံဆေးခန်းများတွင် သွားရောက်ဆေးကုသမှုမလုပ်လိုကြသည့် ဒေသတွင်းပြည်သူများအတွက် ကျန်းမာရေး အထောက်အကူပြုရန် ရည်ရွယ်ချက်ဖြင့် မီးအိမ်ရှင်အခမဲ့ဆေးခန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ယာယီတာဝန်ခံ ကိုကျော်စိုးက ပြောသည်။

Photo-မီးအိမ်ရှင် ဆေးခန်း

၎င်းက “စစ်တပ်အာဏာသိမ်းပြီးတစ်လအကြာမှာ ဒီဘက်ကိုထွက်လာတယ်။ ဆရာမနဲ့လက်တွဲပြီး ဒီဆေးခန်းကို ထူထောင်လာတယ်။ စစ်တပ်အာဏာသိမ်းတော့ ပြည်သူတွေကလည်း စစ်ကောင်စီ ဆေးခန်းကို မသွားလိုကြတော့ဘူး။ ဆိုတော့ ပြည်သူရဲ့ ကျန်းမာရေးအထောက်အကူဖြစ်နိုင်အောင် စတင်တည်ထောင်လိုက်တယ်”ဟု ပြောသည်။

၎င်းပအဖဆေးခန်း လည်ပတ်နိုင်ရေးအတွက် အခက်အခဲအမျိုးမျိုးနှင့် ရုန်းကန်ရကာ ကိုဗစ်ကာလတွင် ဒေသတွင်းကျေးရွာ ၃၀ ရွာဝန်းကျင်မှ ကိုဗစ်လူနာပေါင်း ၂၀၀၀ ကျော် ကုသပေးနိုင်ခဲ့ပြီး ပြည်သူများ အားကိုးရသည့် ဆေးခန်းတစ်ခုဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ခရိုင်၊ မြို့နယ်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနနှင့် ညှိနှိုင်းပြီး ဖွင့်လှစ်သည့် အဆိုပါ ကြာအင်းဆိပ်ကြီးမြို့နယ် ပအဖ မီးအိမ်ရှင်အခမဲ့ဆေးခန်းတွင် တစ်နေ့ ပျမ်းမျှလူနာ ၃၀ ဦးကျော် ပုံမှန်ဆေးကုသ‌မှုပေးနေရကြောင်း ဆေးခန်းတာဝန်ရှိသူများက ပြောသည်။