မေလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့မြောက်ဘက်၊ ရွှေကုက္ကိုလ်ဒေသတွင် နယ်ခြားစောင့်တပ်-BGFမှ တပ်သားသစ်စုဆောင်းသည့် အနေဖြင့် မေလ ၁၀ ရက်နေ့တွင် ဒေသခံရွာသားများကို မဲနှိုက်ခိုင်းခဲ့ပြီး မဲပေါက်သူများထံမှ ငွေကြေး တောင်းခံမှုများ ပြုလုပ်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ရွှေကုက္ကိုလ်ဒေသတွင် BGF တပ်များနှင့် ရပ်ကွက်လူကြီးများက တပ်သားသစ် စုဆောင်း ရန် အတွက် ရပ်ကွက်အလိုက် လူဦးရေအပေါ်မူတည်၍ ၁၅ ဦးမှ ၂၀ ဦးအထိ မဲနှိုက်ရပြီး ၎င်းတို့ထဲမှ ၅ ဦး မဲပေါက်ပါက တပ်သားသစ်အနေဖြင့် စစ်မှုမထမ်းလိုလျှင် ငွေကြေးပေးဆောင်ရမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံရွာ သားတစ်ဦးက ယခုလိုပြောသည်။
“အခုသူတို့က မဲနှိုက်ပြီးပြီ။ BGF လုပ်ဖို့ ဘယ်သူမှမလိုက်ချင်တော့ သူတို့ပိုက်ဆံကောက်တယ်။ ဘယ်သူမှ လိုက်သွားမရဲတော့ ပိုက်ဆံပဲထည့်ကြတယ်။ ရပ်ကွက် ၁က အယောက် ၂၀ နှိုက်လိုက်တယ်။ လူပျိုတွေရှိတဲ့အိမ်ပဲ ပေးနှိုက်တယ်။ ရပ်ကွက် ၁ မှာ ၅ ယောက်ပေါက်သွားတယ်။ မဲနှိုက်တာက ၂ ရက်ပဲရှိသေးတယ်” ဟု အဆိုပါ ရွာသားက ကေအိုင်စီသို့ ပြောသည်။
ထိုသို့ မဲနှိုက်ခိုင်းရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက်မဲနှိုက်ရပြီး ငွေကြေး ကောက်ခံမှု ကိုမူ နေအိမ်အထိ လာရောက်ကောက်ခံနေကြောင်း ၎င်းရွာသားက ဆက်ပြောသည်။
၎င်းက “တစ်ချို့ရပ်ကွက်တွေဆို ပိုက်ဆံပဲထည့်ခိုင်းတယ်။ သူတို့ကိုလည်း ဘာမှပြန်မပြောရဲဘူး။ ပိုက်ဆံ ကောက်တာက အိမ်ထိလိုက်ကောက်တယ်။ မဲနှိုက်တာကျတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်မှာ သွားနှိုက်ရတယ်။ ပေါက်တဲ့သူက မသွားချင်ရင် ပိုက်ဆံပေးရတယ်”ဟု ပြောသည်။
ရွှေကုက္ကိုလ်ဒေသတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင်လည်း BGF တပ်ဖွဲ့များက ဒေသခံ ရွာသားများကို ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ရန် ခေါ်ယူစုဆာင်းမှုများရှိခဲ့ကြောင်း ဒေသခံမိသားစု ဝင်များထံမှ သိရသည်။
၎င်းအပြင် (BGF)တပ်များနှင့် ရပ်ကွက်လူကြီးများပူးပေါင်း၍ မဲနှိုက်စနစ်ဖြင့် ဒေသခံရွာသားများကို တပ်သားသစ်စုဆောင်းမှုများ၊ ငွေကြေးကောက်ခံမှုများကို ၃ နှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိကြောင်း အမည် မ ဖော်လိုသူ အခြားဒေသခံရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
သူက “အရင်နှစ်တုန်းကလည်း တစ်ခေါက်လုပ်သေးတယ်။ အဲ့တုန်းကတော့ မဲနှိုက်စရာမလိုဘူး။ ပိုက် ဆံပဲ ထည့်ရတယ်။ ဒီနှစ်က ပိုများတယ်။ အရင်နှစ်ကဆို ၅ ယောက်ပဲယူတယ်။ သူတို့က ၃ နှစ် တစ်ခါ အခုလိုလုပ်တယ်။ ဒီနှစ်က လူဦးရေလည်းပိုများလာတော့ ၁၅ ယောက်ယူတယ်”ဟု ပြောသည်။
ထို့အတူ ရွှေကုက္ကိုလ်ဒေသတွင် မဲနှိုက်စနစ်ဖြင့် တပ်သားစုဆောင်းမှုများ၊ ငွေကြေးကောက်ခံမှုများနှင့် ပတ်သက်ပြီး (BGF)တပ်များ၏ တာဝန်ရှိသူများကို ကရင်သတင်းဌာန−ကေအိုင်စီအနေဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
ထိုသို့ မဲပေါက်သူများအနေဖြင့် စစ်မှုမထမ်းလိုပါက ငွေကြေးပေးဆောင်ရာတွင်လည်း ပေးဆောင်ရ သည့် ပမာဏနှင့်ပတ်သက်ပြီး ရပ်ကွက်အတွင်း လာရောက်ကောက်ခံခြင်းမရှိသေးသောကြောင့် အတိအကျ မသိရှိရသေးကြောင်းလည်း အဆက်အသွယ်ရရှိသည့် ဒေသခံများက ပြောသည်။
အလားတူ ရွှေကုက္ကိုလ်ဒေသတွင် မေလ ၁၂ ရက်နေ့မှစ၍ မေလ ၁၅ ရက်အထိ ကျေးရွာအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများနေထိုင်ရာ နေအိမ်အဆောင်တိုက်ခန်းများနှင့် ဆိုင်ခန်းများကို စစ်သား ဆက်ကြေးဟုဆိုကာ ဘတ်ငွေ (၁,၅၀၀)နှင့် (၃,၀၀၀) အထိပေးဆောင်ရမည်ဟု ယမန်နေ့ ညပိုင်းက နေအိမ်အလိုက် အသိပေးပြောဆိုထားကြောင်း ပြည်မမှလာရောက် အလုပ်လုပ်ကိုင်နေသူ အမျိုးသမီး တစ်ဦးက ယခုလို ပြောသည်။
“မနေ့ညက BGF တွေစစ်သားဆက်ကြေးဆိုပြီး လာကောက်တယ်။ တစ်ခန်းကို ၁၅၀၀ ဘတ် ရှိရှိမရှိရှိ ပေးရမယ်။ အခန်းပိုင်ရှင်တွေက ၃ ထောင်ဘတ်ပေးရတဲ့အပြင် မဲပါနှိုက်ရအုံးမယ်တဲ့။ ဒီနေ့ကစပြီး ၁၅ ရက်နေ့အထိနောက်ဆုံးပေးရမယ်။ လိုင်းခန်းပိုင်ရှင်တွေကို တောင်းထားခိုင်းတယ်။ ပေးစရာလည်းမရှိဘူး၊ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထိုသို့ ဒေသခံရွာသားများကို မဲနှိုက်စနစ်ဖြင့် တပ်သားသစ်စုဆောင်းခြင်း၊ အတင်းအဓမ္မကြေး ကောက်ခံ ခြင်းများပြုလုပ်နေစဉ် အဆိုပါ ဒေသတွင် ထိုင်းဖုန်းနှင့် မြန်မာဖုန်းလိုင်းတချို့ကို ဖြတ်တောက်ထား ကြောင်းလည်း ဒေသခံရွာသားများက ပြောသည်။



















