Home သတင်း စစ်တပ် အင်အားဖြည့်တင်းမှုများကြောင့် တနင်္သာရီမြို့နယ်မှ ဒေသခံများ နေရပ်မပြန်နိုင်သေး

စစ်တပ် အင်အားဖြည့်တင်းမှုများကြောင့် တနင်္သာရီမြို့နယ်မှ ဒေသခံများ နေရပ်မပြန်နိုင်သေး

732
Photo: Crd.

မေလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း လတ်တလော တိုက်ပွဲများ ငြိမ်သက်နေသော်လည်း အာဏာသိမ်းစစ်ကောင်စီဘက်မှ ရိက္ခာနှင့် တပ်အင်အား ဖြည့်တင်းမှုများကိုလုပ်ဆောင် လျက်ရှိနေ သောကြောင့် စစ်ဘေးရှောင်နေရဆဲဒေသခံရွာသားများအနေဖြင့် နေရပ်မပြန်ရဲကြသေးကြောင်း‌ စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ၂၈ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည့်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ကြားတိုက်ပွဲများ နေ့စဉ်ဖြစ်ပွားခဲ့ပြီး ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရသည်။ လတ်တလော အချိန်တွင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားသော်လည်း စစ်တပ်မှ တပ်အင်အားဖြည့်တင်းလာမှုများကြောင့် နေရပ်မပြန်ရဲကြသလို အကူအညီများလည်း လိုအပ်နေသေးကြောင်း စစ်ဘေးရှောင် အနီးကပ်ကူညီနေသူတစ်ဦးက ယခုလို ပြောသည်။

“အများစုကတော့ တိုက်ပွဲငြိမ်ပေမဲ့ အိမ်မပြန်ရဲကြသေးဘူး။ အကူအညီလိုအပ်နေသူခန့်မှန်းခြေ လေးထောင်ဝန်းကျင်လောက်ရှိပါတယ်။ အခုက မိုးရာသီလည်းရောက်လာပြီးဆိုတော့ တာလပတ်က အဓိက လိုတယ်။ တချို့ တွေဆို ဥယျာဉ်ခြံထဲနေရတာလေ။ သူတို့အတွက်ကပိုလိုအပ်တယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

တနင်္သာရီမြို့နယ်ထဲတွင် စစ်ရှောင် (၈,၀၀၀)ကျော်ခန့်ရှိကာ ၎င်းစစ်ရှောင်များအတွက် ရိက္ခာ သယ်ဆောင်ရာတွင်လည်း စစ်တပ်မှရိက္ခာသယ်ဆောင်မှုလမ်းကြောင်းကို ကန့်သတ်ပိတ်ပင်များရှိ သောကြောင့် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ရိက္ခာပြတ်တောက်နိုင်သည့် အခက်အခဲနှင်ကြုံ တွေ့နိုင်ကြောင်းလည်း စစ်ရှောင်ကူညီသူများက ပြောသည်။

အလားတူ တိုက်ပွဲများငြိမ်သက်သွားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ထားဝယ်-ထီးခီး လမ်းပိုင်းတွင် တစ်လကို နှစ်ကြိမ်နှုန်းဖြင့် ရိက္ခာဖြည့်တင်းမှုများလုပ်ဆောင်လျက်ရှိသောကြောင့် ဒေသခံများအနေဖြင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်မှုများရှိနေကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “လက်ရှိမှာကတော့ ငြိမ်နေတယ်ပေါ့နော်။ ငြိမ်နေ တယ်ဆိုတာက စစ်တပ်တွေက ခံစစ်အနေအထားမှာဖြစ်သွာပြီး။ စစ်ကြောင်းထိုးတာတို့၊ ဘာတို့မရှိတော့ ဘူး။ အဲ့လိုအခြေနေမျိုးလည်း ဖြစ်သွားပေမဲ့ ထားဝယ်-ထီးခီး လမ်းပိုင်း၊ နယ်စပ်ဘက်မှာ တစ်လကို နှစ်ကြိမ်လောက်တော့ သူတို့ ရိက္ခာပို့နေတာရှိတယ်။ စစ်တပ်အင်အား ပြန်လည်ဖြည့်တင်းတာ တွေရှိတယ်။ အခုလက်ရှိမှာကတော့ ဒေသခံတွေအနေနဲ့ နေရပ်မပြန်နိုင်သေးတဲ့ သူတွေရှိ တယ်ပေါ့ နော်။” ဟု ကေအိုင်စီသို့ပြောသည်။

တနင်္သာရီ မြို့နယ်တွင် ပြီးခဲ့သည့်လက နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သောကြောင့် ၎င်းဒေသရှိ ဒေသခံများ အနေဖြင့် ဘေးလွတ်ရာသို့ စစ်ပြေးရှောင်ခဲ့ကြရပြီး ယနေ့အချိန်အထိ မိမိနေရပ်မပြန်ရဲကြသေးဘဲ စစ်ရှောင်ဦးရေလည်း တိုးလာကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။