မေလ ၁၂ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် -NCA လက်မှတ်ရေးထိုး ထား သည့် တိုင်းရင်းသား လက်နက်ကိုင် ၁ဝ ဖွဲ့မှ ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ခေါင်းဆောင် နေရာတွင် တာဝန်ယူထားသည့် မွန်ပြည် သစ်ပါတီ(NMSP) က မေလ ၈ ရက်နေ့တွင် နုတ်ထွက်စာတင်ထားကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် PPST အဖွဲ့ထဲတွင် နိုင်ငံရေးအမြင်သဘောထားများ ကွဲလွဲလာ လျက်ရှိသည့်အတွက် ဦးဆောင်အဖွဲ့ခေါင်းဆောင်နေရာတွင် တာဝန်ယူထားရသည့် မွန်ပြည်သစ်ပါတီ ဒုက္ကဋ္ဌနိုင်အောင်မင်းက အမြဲတမ်းအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ပြီး ပူးပေါင်းမှုအဆင့် အဖွဲ့ဝင်အဖြစ်သာ ပါဝင်တော့မည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင် ကရင်ငြိမ်းချမ်းရေးကောင်စီ( KNU/KNLA-PC) မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က ကေအိုင်စီသို့ ပြောသည်။
၎င်းက “ မွန်ပြည်သစ်ပါတီ PPST ကနေ နုတ်ထွက်စာတင်တာ မှန်တယ်။ အပြီးအပိုင်နုတ် ထွက်သွားတာတော့ မဟုတ်ဘူး။ သူက ဦးဆောင်နေရာမှာ မနေတော့ဘူး။ တူတာတွေကို တွဲလုပ်မယ် မတူတာတွေကို ခွဲလုပ်မယ်ဆိုတဲ့ ပူးပေါင်းအဆင့်ထဲမှာပဲ ရှိတော့မယ်။ အချိန်ပြည့်တော့ မဟုတ်တော့ ဘူးပေါ့နော်။ အဖွဲ့ထဲမှာလည်း နိုင်ငံရေးအမြင်တွေ ကွဲလွဲလာကြတော့ တင်းပြည့်ကျပ်ပြည့်အဖွဲ့နဲ့ ပူးပေါင်းအဆင့်အဖွဲ့ဆိုပြီး ပြောင်းလဲသွားတာတွေရှိတယ်” ဟု ယနေ့ မေလ ၁၂ ရက်နေ့တွင် ပြောသည်။
PPST ငြိမ်းချမ်းရေးလုပ်ငန်းဦးဆောင်အဖွဲ့ခေါင်းဆောင်အနေဖြင့် KNU- ကရင်အမျိုးသားအစည်းအရုံးမှ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ကောင်စီ -RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ အသီးသီးတာဝန်ယူခဲ့ကြပြီး ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ် ဇူလိုင်လ ၇ နေ့တွင် မွန်ပြည်သစ်ပါတီ ဒုက္ကဋ္ဌနိုင်အောင်မင်းက အဖွဲ့၏ခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ယူခဲ့ခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးအစုအဖွဲ့များ ပါဝင်မှုမရှိတော့သလို အစုအဖွဲ့လိုက်တွေ့ဆုံဆွေးနွေးမှုပုံစံမဖြစ်တော့ဘဲ တစ်ဖွဲ့ချင်းစီအလိုက်သာ ဆွေးနွေးမှုပုံစံဖြစ်လာခဲ့သည်။ ထို့အပြင် PPST အဖွဲ့၏ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ထိပ်သီးအစည်း အဝေးပွဲတွင်လည်း အဖွဲ့အတွင်း နိုင်ငံရေးအမြင်သဘောထားများ ကွဲလွဲလာကြပြီး အမြဲတမ်းအဖွဲ့ဝင်နှင့် ပူးပေါင်း အဆင့်အဖွဲ့ဝင်ဆိုပြီး ထပ်မံခွဲထွက်ခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့နေရာတွင် မွန်ပြည်သစ်ပါတီအနေဖြင့် မည်သို့ကြောင့် နုတ်ထွက် သွားသည်ကို ပါတီ၏ ဗဟိုတာဝန်ရှိသူများအား ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။
မွန်ပြည်သစ်ပါတီနှင့်နီးစပ်သူ မွန်နိုင်ငံရေးလေ့လာနေသူတစ်ဦးက“အရင်ကဦးဆောင်နေရာမှာ မွန်က ၆ လလောက်ပဲ တာဝန်ယူပေးပါလို့ ပြောထားတယ်။ အခု ၂ နှစ်လောက်ရှိသွားပြီး။ ခေါင်းဆောင် နေရာမှာ တာဝန်ယူ တာဝန်ခံမှုတွေက များလာတယ်။ သူတို့နုတ်ထွက်လိုက်တာတော့ မဟုတ်ဘူး ဥက္ကဋ္ဌရာထူး ပြန်အပ်တဲ့သဘောလို့ သိရတယ်။ NCA ကာလတုန်းကလို အစိုးရ၊ လွှတ်တော်၊ ပါတီနိုင်ငံရေး အစုအဖွဲ့မရှိတော့ဘဲ စစ်တပ်နဲ့ တစ်ဖွဲ့ချင်း ဆွေးနွေးလာရတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုပုံစံက သွေဖည်လာတယ်။ အဖွဲ့ထဲမှာလည်း သဘောထားကွဲလွဲတာနဲ့ နုတ်ထွက်သွားတာနဲ့ ဆိုတော့ ငြိမ်းချမ်းရေးက ရှေ့ဆက်မတိုးနိုင်ဖြစ်နေတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလက မွန်ပြည်သစ်ပါတီ-NMSP၏ ဗဟိုနှစ်ပတ်လည်အစည်းအဝေးတွင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ -PPST မှ နုတ်ထွက်ရန် ဆွေးနွေးမှုရှိခဲ့သော်လည်း ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။ ၎င်းအပြင် စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးမှုတွင်လည်း မွန်ပြည်သစ်ပါတီအနေဖြင့် ဗုဒ္ဓဘာသာ ရာမညနိကာယဂိုဏ်းအဖွဲ့တည်ထောင်ခွင့် ပြုရန် တောင်းဆိုခဲ့သော်လည်း စစ်ကောင် စီဘက်က ခွင့်မပြုခဲ့ဟု မွန်နိုင်ငံရေးလေ့လာသူများထံမှ သိရသည်။



















