Home သတင်း ညောင်လေးပင်ခရိုင်တွင် လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိပြီး စစ်ဘေးရှောင်ဦးရေ တိုးလာ

ညောင်လေးပင်ခရိုင်တွင် လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိပြီး စစ်ဘေးရှောင်ဦးရေ တိုးလာ

1004
Photo: FBR

မတ်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက် သေဆုံးမှုများရှိပြီး စစ်ဘေးရှောင်ဦးရေလည်း ပိုမိုများပြားလာကြောင်း Free Burma Ranger အဖွဲ့က မတ်လ(၈)ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ဖေဖော်ဝါရီလအတွင်း အသက်သေဆုံးရသည့် အရပ်သား (၅)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၇)ဦးရှိကာ မိသားစုဦးရေ နှစ်ထောင်ကျော်မှ လူဦးရေတစ်သောင်းကျော်မှာ စစ်ဘေးရှောင်ပြည်သူများ ဖြစ်လာခဲ့ရကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀)ရက်မှ (၁၂)ရက်နေ့အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခြင်းကြောင့် ညောင်ပင်ကြီးကျေးရွာရှိ အမျိုးသမီး(၃)ဦးထိခိုက်ဒဏ် ရာရှိခဲ့ သည့်အပြင် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် မုန်းမြို့နယ်၊ ကျွန်းတောကျေးရွာထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၎င်း၏သားသမီးနှစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု FBR အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ညောင်လေးပင်ခရိုင်ရှိ စစ်ဘေးရှောင်များနှင့်နီးစပ်သူတစ်ဦးက “ဒီဘက်မှာ ကေအဲန်ယူ ထိန်းချုပ် တဲ့နယ်မြေတွေကို စစ်ကောင်စီဘက်က တက်မလာရဲဘူး။ အဲဒီတော့ လေယာဥ်သုံးတယ်၊ ထိချင်ရာ ထိဆိုပြီး လက်နက်ကြီးနဲ့ရမ်းသမ်းထုတယ်။ လက်နက်ကြီးထိတဲ့ဒေသခံအများစုက ကိုယ့်အိမ် ကိုယ်ခင်တွယ်တော့ စစ်ကောင်စီဘက်က ဒီအထိတော့ တက်မလာရဲပါဘူးလေဆိုပြီး အိမ်ပြန်နေကြ တဲ့အချိန်မှာ ထိကြတာများတယ်။ ကံမကောင်းရင်ထိတာပဲ။ တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေတော့ စစ်ရှောင်တွေပိုတိုးပြီး ခက်ခဲတာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: FBR

ထိုသို့ စစ်ဘေးရှောင်များ ပိုမိုများလာခြင်းနှင့် ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲများနေ့စဥ်ရက် ဆက်ဖြစ်ပွားနေခြင်းများကြောင့် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့နေသည့်အဖွဲ့များအနေဖြင့် ၎င်းတို့၏အသက်အန္တရာယ်လုံခြုံရေးအခြေအနေနှင့် သွားလာရခက်ခဲသည့်အနေအထားအရ အကူ အညီများ ထိထိရောက်ရောက်ပေးရန် ခက်ခဲနေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများက ပြော သည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများအား Free Burma Ranger အဖွဲ့အနေဖြင့် ဆေးဝါးကုသရေး အကူအညီများပေးခြင်း၊ ဆန်နှင့်အခြားအထောက်အပံ့များဖြန့်ဝေပေးခြင်းနှင့် ရေထောက်ပံ့မှုရ ရှိအောင် ဖန်တီးဆောင်ရွက်ပေးခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခဲ့သည်ဟု ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလားတူ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှ ယခုနှစ် ဖေဖော်ဝါရီလအထိ နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်ရသူဦးရေ ၈၀,၀၀၀(ရှစ်သောင်း)ကျော်တိုးလာပြီး လက်ရှိ ခရိုင်တစ်ခု လုံးတွင် စုစုပေါင်း စစ်ဘေးရှောင်ပြည်သူဦးရေ (၁)သိန်း(၄)သောင်းကျော်ရှိနေသည်ဟု ကရင်ငြိမ်း ချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN)၏ ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် ထုတ်ပြန် ချက်အရ သိရသည်။