မတ်လ ၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ယနေ့ မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဖားအံခရိုင် ကရင်အမျိုး သမီးအစည်းအရုံး-KWO ဦးဆောင်၍ ဖားအံခရိုင်၊ လှိုင်းဘွဲ မြို့နယ်၊ ဝါးမီကလား ကျေးရွာတွင် စုပေါင်းပြု လုပ်ကျင်းပခဲ့သည်။
ကျေးလက်နေဒေသရှိ ဒေသခံအမျိုးသမီးများအပါအဝင် ဒေသခံ လူထုများအနေဖြင့် ယနေ့လိုကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့တွင် အမျိုးသမီးများဆိုင်ရာ အခွင့်အရေးများကို ပိုသိရှိနားလည်လာစေရန် ရည်ရွယ်ချက်ဖြင့် တောင်ပေါ်ကျေးလက်နေ ပြည်သူများရှိရာဒေသတွင် ယခုလို ကျင်းပခြင်းဖြစ်ကြောင်း ဦးဆောင်စီစဉ်သူ ဖားအံခရိုင် KWO ဥက္ကဋ္ဌ နော်မစိန်ဂျောက ယခုလိုပြောသည်။
၎င်းက “သူတို့တွေ အနေနဲ့ ကိုယ့်အခွင့်အရေး ကိုယ့်တာဝန်နဲ့ အမျိုးသမီးတွေအပေါ် တန်ဖိုးထားဆက်ဆံ တတ် စေဖို့ ဒီနိုင်ငံတကာအမျိုးသမီးနေ့က ကျမတို့ အမျိုးသမီးတွေအတွက် အရေးကြီးပါတယ်။ ဒီလိုနေ့မျိုး ရှိနေလို့ လည်း အမျိုးသမီးတွေ ကိုယ့်အခွင့်အရေးပိုသိလာပြီး လူ့အသိုင်းအဝိုင်းမှာ ဝိုင်းဝန်းလုပ်ဆောင်မှု တွေ ပိုရှိလာတဲ့ အတွက် အများကြီးအကျိုးရှိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ဝါးမီကလာ ကျေးရွာအပါအဝင် ကျေးရွာ အုပ်စု ၃ အုပ်စုပေါင်း၍ ပြုလုပ်ခဲ့သည့် ယနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့အစီအစဉ်ကို ကျေးလက်နေ ဒေသခံအမျိုးသမီးများ၊ လူငယ်များ၊ ကျောင်းသူကျောင်း သားများ အပြင် အမျိုးသားများလည်း ပါဝင်တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာအမျိုးသမီးခေါင်းဆောင် အသီးသီးကလည်း အမျိုးသမီးနေ့ဆိုင်ရာ ဗဟုသုတ အကြောင်းအရာများကို ဟောပြောခဲ့သည်။
ဝါးမီကလာကျေးရွာနေ စောဟဲဂေက “ဒီလို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့လုပ်တာမျိုးတခါမှ မတွေ့ဖူးဘူး။ အခုမှ တွေ့ဖူးတယ်။ ကျနော်တို့ ရွာအတွက် အများကြီး အကျိုးရှိပါတယ်။ သူတို့လာပြောပြပေးတဲ့ အကြောင်း အရာတွေကို အများကြီးနားလည်လာတယ်။ ဒီလို လာလုပ်တဲ့အတွက် နောက်ကျရင် အမျိုးသမီးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အများကြီး နားလည်လာမယ်၊ ပိုပြီးတော့ ပူးပေါင်း လုပ်ဆောင်မှုတွေ ရှိလာမယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ယခုလို နေ့မျိုး လာရောက်ကျင်းပသည့်အပေါ် အမျိုးသမီးဆိုင်ရာ အခွင့်အရေးများကို ပိုမို နားလည် လာပြီး အမျိုးသမီးနှင့် အမျိုးသားများသည် တန်းတူရည်တူ အခွင့်အရေးရှိသည်ကို လက်ခံယုံကြည်လာ ကြောင်းလည်း စောဟဲဂေက ဆက်ပြောသည်။
ဝါးမီကလားကျေးရွာတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ယခင်စစ်အစိုးရ လက်ထက်ကာလများက အမျိုးသားရေးတာဝန်များကို ထမ်းဆောင်ရင်း အသက်ပေးဆပ်သွားရသည့် ကရင်အမျိုးသားရဲဘော် ခေါင်းဆောင်များ၏ ကျန်ရစ်သော သက်ကြီးရွယ်အို အမျိုးသမီးကြီးများ၊ ကျေးရွာအမျိုးသမီးခေါင်းဆောင်ဟောင်း (၁၂) ဦးကိုလည်း ဂုဏ်ပြုပေးခဲ့သည်။
အလားတူ ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေအသီးသီး နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ၊ ထိုင်းနယ်စပ်မြို့များတွင်လည်း အဖွဲ့အစည်းအသီးသီးမှ ပုံစံမျိုးစုံ ဖြင့် ကျင်းပကြကြောင်းလည်း သိရသည်။
အမျိုးသမီးများအခွင့်အရေး ရရှိစေရန် ရုန်းကန် လှုပ်ရှားခဲ့မှုများကို ဂုဏ်ပြုသောအားဖြင့် ၁၉၂၂ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို မတ်လ ၈ရက်နေ့တိုင်း စတင်ကျင်းပလာခဲ့ကာ ၁၉၇၅ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အဖြစ်တရားဝင်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။



















