မတ်လ ၈ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ယနေ့ (မတ်လ ၈ရက်) ကျင်းပသည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ နေ့ (International Women’s Day) အခမ်းအနားအစီအစဉ်တွင် မိန်းကလေးအများစုရေးဆွဲထားသည့် ပန်းချီကားများကို ထုတ်ဖော်ပြသခဲ့ကြသည်။
ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုခြင်းအားဖြင့် အမျိုးသမီးများ၏ ခံစားချက်များနှင့် လုပ်နိုင်စွမ်းရည်များကို ထုတ်ဖော်ပြသလိုသောကြောင့် အမျိုးသမီးအများစုရေးဆွဲထားသည့် ပန်းချီကားများကို ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း ပွဲစီစဉ်ကျင်းပသူ ကိုထက်ခိုင်စိုးက ယခုလို ပြောသည်။
“ပန်းချီကားတွေက အမျိုးသမီးတွေတော်တော်များများဆွဲတာ။ အမျိုးသားတွေဆွဲတာလည်းပါတယ်။ အမျိုးသမီးတွေကို ဂုဏ်ပြုချင်တာလည်းပါသလို သူတို့ရဲ့လုပ်ပြနိုင်စွမ်းတွေက ဘယ်လောက်ရှိတယ်ဆိုတာလည်း မြင်စေချင်တာ။ ပန်းချီ ကတော့ စုစုပေါင်း ၁၀၀ ဝန်းကျင်ပါပါတယ်။ အမျိုးသမီးတွေရဲ့ခံစားမှု သူတို့ရဲ့အနုပညာဖန်တီးမှုတွေကိုလည်း ပိုပြီး တော့ပေါ်လွင်စေချင်လို့ သူတို့ကိုလည်း ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသမီးတွေ အများကြီးဆွဲတဲ့ပန်းချီကားတွေကို များများတင်ထားတာပေါ့နော်”ဟု ပြောသည်။
ယနေ့ မဲဆောက်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့ လူဦးရေ စုစုပေါင်း (၈၀)ခန့် တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး တော်လှန်ရေးဓာတ်ပုံများပြသခြင်း၊ တေးဂီတသီချင်းများဖျော်ဖြေခြင်း၊ သက်ဆိုင်ရာအဖွဲ့ အစည်းအသီးသီးမှ မိန့်ခွန်းပြောကြားခြင်းနှင့် တက်ရောက်လာသည့် ဧည့်သည်များကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့သည်။

ယနေ့အခမ်းအနားကို စီစဉ်သူ နန့်မေသဇင်က “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြပွဲကျင်းပပေးတဲ့ ရည်ရွယ် ချက်က နေရာကဏ္ဍပေါင်းစုံမှာ ရောက်ရှိနေတဲ့အမျိုးသမီးတွေကို ဂုဏ်ပြုဖို့လည်းဖြစ်သလို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အလုပ်သမားရေးစတဲ့ အရေးကဏ္ဍပေါင်းစုံမှာလည်း ကြိုးစားဦးဆောင်နေကြတဲ့ အမျိုးသမီးများကို ဂုဏ်ပြုဖို့ အဓိက ရည်ရွယ်တယ်”ဟု ပြောသည်။
ယနေ့တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ပန်းချီပြပွဲအပြင် အခြားသော ၃ ရက်တွင်လည်း မှတ်တမ်းရုပ်ရှင်ပြပွဲ၊ ကဗျာရွတ်ဆိုပွဲ စသည့်အစီအစဉ်များကို ဆက်လက်ပြုလုပ်ကျင်းပရန် စီစဉ်ထားကြောင်း လည်း ၎င်းက ဆက်ပြောသည်။
မတ်လ(၈)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုခြင်းအားဖြင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အမျိုးသမီးများသည် မိမိတို့၏ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ဂုဏ်ပြုစာတန်းဖြင့် ဖော်ပြလျက်ရှိကြောင်း သိရသည်။



















