Home သတင်း ကျောက်ကြီးစစ်ဘေးရှောင်ပြည်သူများ စစ်ရှောင်ကာလကြာလာ၍ လူမှုဘဝရပ်တည်ရေး ခက်ခဲနေ

ကျောက်ကြီးစစ်ဘေးရှောင်ပြည်သူများ စစ်ရှောင်ကာလကြာလာ၍ လူမှုဘဝရပ်တည်ရေး ခက်ခဲနေ

1020

ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ(ပဲခူးတိုင်း)၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများသည် စစ်ရှောင်ကာလ ရှည်ကြာသည့်အမျှ လတ်တလောတွင် လူမှုဘဝရပ်တည်ရေး ခက်ခဲလာရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇွန်လတုန်းက ကျောက်ကြီးမြို့ နယ်အတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသော ကျေးရွာပေါင်း(၃၀)မှ ဒေသခံပြည်သူအများစုဖြစ်ပြီး ဘေးလွတ်ရာကျေးရွာများတွင် နေထိုင်၍ ယခုအချိန်ထိ နေရပ်ပြန်လုပ်ကိုင်နိုင်ခြင်း မရှိသဖြင့် စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရပ်တည်နေကြရကြောင်း စစ်ဘေး ရှောင်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “တချို့က အိမ်တွေမီးရှို့ခံလိုက်ရတော့ ဝတ်စရာတောင်မရှိဘူး။ စားဝတ်နေရေး ကတော့ တောထဲမှာ ငါးဖမ်းလိုက်၊ ငှက်ပစ်လိုက်ပေါ့။ တချို့စစ်မရှောင်တဲ့ရွာတွေက လယ်တွေထဲမှာ အငှားလိုက်ပြီး ကြုံသလို စားနေတဲ့သူတွေလည်းရှိသလို တချို့က ချေးငှားပြီး တောင်းရမ်းစားတဲ့သူတွေလည်း ရှိတယ်။ လယ်တွေထားခဲ့ရတော့ စီးပွားရေး မလုပ်နိုင်ဘူးလေ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် နယ်မြေအတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသလို စစ်ကောင်စီ၏ အစစ်အဆေး၊ အဖမ်းအဆီးများကြောင့် အလှူရှင်ရောက်ရှိရန် ခက်ခဲကြောင်းလည်း အဆိုပါ စစ်ရှောင်များနှင့် နီးစပ်သူက ဆက်ပြောသည်။

“အဲဒီနေရာနဲ့မရင်းနှီးရင် အလှူရှင်ရောက်ဖို့ကလည်း မလွယ်ဘူး။ စစ်ဖြစ်နေတာနဲ့ စစ် ကောင်စီက နေရာစုံမှာဝင်ဖမ်းပြီး စစ်လို့ သံသယဝင်စရာတွေ့ရင် ဖမ်းပြီး သတ်ပစ် တယ်။ တချို့ဆို နေစရာမရှိလို့ ကွင်းပြင်ကြီးထဲမှာ တာလပတ်မိုးပြီး တစ်စုတစ်စု နေကြတယ်။ မိုးတွင်းဆို အရမ်းခက်ခဲကြတာ။” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များတွင် အမျိုးသမီးနှင့် ကလေးသူငယ်ဦးရေ ပိုမိုများပြား၍ ရာသီဥတုနှင့်စစ်ဘေးဒဏ်ခံနေရသော ကိုယ်ဝန်ဆောင်သည်များ၊ နို့တိုက်မိ ခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ကြောင်းလည်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

ပဲခူးတိုင်းအရှေ့ဘက်ခြမ်းဖြစ်သော ကျောက်ကြီးမြို့နယ်အပါအဝင် ရွှေကျင်မြို့နယ်နှင့် မုန်းမြို့နယ်တို့တွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁၄၀,၀၀၀ ကျော်ရှိပြီး လူဦးရေများ ပြားသောကြောင့်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း ရောက်ရှိရန် ခက်ခဲသဖြင့် ကူညီထောက်ပံ့မှုများပေးရန် အလှမ်းဝေးနေသည်ဟု ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများကော်မတီ(CIDKP)က ပြောသည်။

CIDKP တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ အဲဒီဘက်ကို လက်လှမ်းမှီသလောက် ထောက်ပံ့ကူညီတာတော့ရှိပေမယ့် စစ်ရှောင်တစ်သိန်းကျော်ဆိုတဲ့အနေအထားကို လုံလောက်အောင်ထောက်ပံ့ပေးနိုင်ဖို့ရော၊ လုံခြုံရေးအရရော၊ အလှူရှင်ရရှိနိုင်မှု အခြေအနေနဲ့ရော ခက်ခဲပါတယ်။ ကျောက်ကြီးဘက်ကို သွားဖို့ဆိုရင် စစ်ကောင်စီ တပ်စခန်းတွေကိုသော်လည်းကောင်း၊ အခြားအဖွဲ့အစည်းတွေကိုသော်လည်းကောင်း ကျော်ဖြတ်သွားရမှာဆိုတော့ လုံခြုံရေးအရ အဆင်မပြေတာကြောင့်ပါ။ လက်ရှိမှာတော့ မြန်မာပြည်ရဲ့ အရှေ့တောင်ခြမ်းဒေသတွေမှာ လက်လှမ်းမှီသလောက် ကူညီထောက်ပံ့မှုတွေလုပ်ဆောင်နေပါတယ်။” ဟု ပြောသည်။

လက်ရှိတွင် CIDKP အနေဖြင့် စစ်ဘေးရှောင်ပြည်သူဦးရေ၏ သုံးပုံတစ်ပုံခန့်သာ ထောက်ပံ့ထားနိုင်ပြီး တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေပိုမိုတိုးလာ၍ တည်ငြိမ်မှု မရှိသည့်အတွက် လစဥ်ထောက်ပံ့ပေးနိုင်မှုမရှိကြောင်း၊ ကော့ကရိတ်မြို့ နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထားဝယ်မြို့နယ်နှင့် ကေအဲန်ယူ တပ်မဟာ(၅) ထိန်းချုပ်နယ်မြေများတွင်မူ ဆန်ရိက္ခာ၊ စောင်၊ ခြင်ထောင်၊ အမိုးအကာနှင့် ငွေကြေးပိုင်းများ ကူညီထောက်ပံ့ပေးနေကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

အလားတူ စစ်ကောင်စီမှ နေရပ်စွန့်ခွာထွက်ပြေးနေရသော ညောင်လေး ပင်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ရုံသာမက ဒေသခံများအား ဖမ်းဆီးနှိပ်စက်မှုများပြုလုပ်နေ ဆဲဖြစ်သောကြောင့် ကျေးရွာများ အတွင်းနေထိုင်ရဲသူမရှိဘဲ အမှိုက်သရိုက်နှင့်သစ်ရွက်ခြောက်များ များပြားလာပြီး တောမီးလောင်ရာမှ အလွယ်တကူမီးကူးဆက်ကာ နေအိမ်(၁၅၀)ကျော်ခန့် မီးလောင်ပြာကျခဲ့ရသည်ဟု ဖေဖော်ဝါရီလ(၁၆)ရက်နေ့က ကေအဲန်ယူ-ဗဟို၏ ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။