Home သတင်း ကျုံဒိုး-ကမ်းနီတိုက်ပွဲအတွင်း နေအိမ် ၈ လုံး မီးလောင်ပျက်စီးပြီး ပစ်ခတ်မှုများဆက်လက်ဖြစ်ပွား

ကျုံဒိုး-ကမ်းနီတိုက်ပွဲအတွင်း နေအိမ် ၈ လုံး မီးလောင်ပျက်စီးပြီး ပစ်ခတ်မှုများဆက်လက်ဖြစ်ပွား

1309
Photo: CJ

ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုး-ကမ်းနီကျေးရွာ တိုက်ပွဲဖြစ်စဉ်တွင် အရပ်သားပြည်သူနေအိမ် ၈လုံးမီးလောင်ပျက်စီးခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၂၆ရက်နေ့အထိ ပစ်ခတ်မှုများ ဆက်ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၂၄ ရက်က စတင်အရှိန်မြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေသည့် ကျုံဒိုး-ကမ်းနီကျေးရွာ တိုက်ပွဲဖြစ်စဉ်မှာ ယနေ့ သရက်တောကျေးရွာ အရှေ့ဘက် ဂျိုင်းမြစ်-ဟောင်သရောမြစ်ဆုံနေရာနှင့် ညောင်ရိပ်သာကျေးရွာ ဘက်တွင် ပစ်ခတ်မှုများဆက်ဖြစ်နေပြီး မြစ်အတွင်း စစ်သင်္ဘာ ၃ စီးအပါအ၀င် ကယ်ဆယ်ရေးသုံး စက်လှေ များဖြင့် ဂျိုင်းမြစ်ကမ်း တစ်လျှောက် စစ်တပ်နှင့် နယ်ခြားစောင့်တပ် -BGF တပ်က နေရာယူကာ ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောစကားအရ သိရသည်။

“ဘုရားဖြူကုန်းဂျိုင်းမြစ်၀ထိပ်မှာ ပစ်ခတ်မှုတွေရှိနေတယ်၊ စစ်သင်္ဘော Yဘုတ် (စစ်သင်္ဘောအလတ်စား)တွေ ရှိနေတယ်၊ ကမ်းနီ၊ သရက်တောက ကမ်းကူးတဲ့ ဇက်ဖောင်တွေကို စစ်တပ်က သိမ်းထားတယ်၊ စစ်ရှောင်ချင် သူတွေ ကမ်းကူးမရဘူး၊ ဂျိုင်းတံတားလည်း ကားပေးသွားလိုက်၊ ပိတ်ထားလိုက် ဖြစ်နေတယ်၊ ကမ်းနီရွာမှာတော့ အိမ် ၈ လုံး မီးလောင်ပျက်စီးတယ်။ အခု ညောင်ရိပ်သာရွာမှာ BGFတွေ တက်ပစ်နေတာမှာ အိမ်တွေထိပြီး မီးထပ်လောင်နေတယ်။ ၅၄၅/၅၄၆ စစ်တပ် ၂ ခုက ပစ်တဲ့လက်နက်ကြီးကတော့ ၃ ရက်ဆက်တိုက်ပဲ ပစ်ချတာရွာ တွေကိုပေါ့၊ အခု ၁၀ နာရီ ၃၀ မိနစ်လောက်အထိ လက်နက်ကြီးနဲ့ ပစ်နေတုန်း”ဟု ပြောသည်။

ကျုံဒိုး-ကမ်းနီတိုက်ပွဲတွင် နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိသည်ဟု ပြောဆိုကြသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ကျုံဒိုးမြို့နယ်ခွဲ တစ်ဖက်ကမ်းရှိ မွန်တိုင်းရင်းသားကျေးရွာများဖြစ်သော ကမ်းနီ၊ ညောင်ရိပ်သာ၊ သရက်တော၊ ကော့လျှမ်း၊ ကော့ခိုက်၊ ကော့ကျိုက်၊ တံတားဦး၊ မိဂလုံ၊ ကျောက်ဖျာကျေးရွာများမှ ဒေသခံ ၅၀၀၀ ဝန်းကျင်ခန့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရကြောင်း၊ အချို့မှာ နှစ်ဖက်ပစ်ခတ်နေသည့် ကျေးရွာများအတွင်း ကျန်ရစ် ပိတ်မိနေထိုင်နေရသူများလည်းရှိနေကြောင်း သိရှိရပါသည်။

“တစ်မနက်လုံး တိုက်ပွဲဖြစ်တယ်။ ချောင်းတစ်ဖက်စီပစ်ကြတာပါ၊ ရမ်းသမ်းပစ်ထုတ်နေတယ်၊ စစ်တပ်တွေက PDF တွေ၊ KNU အဖွဲ့တွေ ပြေးကုန်ပြီဆိုပြီး ဟိုဘက်ကမ်းကို အများကြီးလိုက်သွားကြတယ်၊ အဲ့လိုဖြစ်နေတော့ ရွာထဲ ကျန်နေသူတွေ ပိတ်မိနေသူတွေ ရှိနေတယ်၊ မွန်ရွာ ၉ ရွာလောက်ကတော့၊ မိသားစုတွေ အုပ်စုကွဲ ပြီး ဟိုရှောင်၊ ဒီရှောင်နဲ့ အဆင်ပြေသလို ပြေးရှောင်နေကြတာ ငါးထောင်လောက်တော့ ရှိနေတယ်။ ဟိုဘက် ကော့ဘိန်းကော့ပေါက်၊ မင်းရွာဘက်မှာလည်း စစ်တပ်က အမြှောက်တွေအထိုင်ချပြီးတပ်ဆင်နေပြီဆိုတော့ ဘယ်ပြေးပြီး စစ်ရှောင်ရမလည်း မသိတော့ဘူး”ဟု ညောင်ရိပ်သာ ရွာသားတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်တပ်မှာ စစ်ဆင်ရေးတိုးချဲ့ လုပ်ဆောင်နေမှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲများအရှိန်မြှင့်ဖြစ်ပွားလျက်ရှိသည်။ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ တောင်ကြာအင်း၊ ကျုံဒိုး၊ ကော့ကရိတ်ရန်ကုတ်ဒေသကျေးရွာများဘက်သို့ စစ်တပ်လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေသည့်အပြင် လေကြောင်းမှ တိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ပစ်ခတ်မှုများ လုပ်ဆောင်ခံရမှုကြောင့် အရပ်သားနေအိမ်များ အရပ်သားထိခိုက်သေဆုံးမှုများ မြှင့်တက်လာနေကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသူများက ပြောသည်။