Home သတင်း NUG၏ တောင်ပိုင်းစစ်ဒေသကို ၅၀ ရာခိုင်နှုန်းနီးပါး လက်နက်တပ်ဆင်ပေးနိုင်ပြီးဖြစ်ကြောင်း ဒု-စစ်ဒေသမှူးပြော

NUG၏ တောင်ပိုင်းစစ်ဒေသကို ၅၀ ရာခိုင်နှုန်းနီးပါး လက်နက်တပ်ဆင်ပေးနိုင်ပြီးဖြစ်ကြောင်း ဒု-စစ်ဒေသမှူးပြော

1709
Photo: တောင်ပိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေး

ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တောင်ပိုင်းတိုင်း စစ်ဒေသကို လက်နက် ၅၀ ရာခိုင်နှုန်းနီးပါး တပ်ဆင်ပေးနိုင်ပြီးဖြစ်ကြောင်း တောင်းပိုင်းစစ်ဒေသ၏ စစ်ဒေသခွဲ အမှတ်(၃) ဒု-စစ်ဒေသမှူးစောရှားက ပြောသည်။

ဇန်နဝါရီလ ၂၄ရက်နေ့က ကျင်းပခဲ့သည့် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) မှ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(PDF) ကျားသစ်နက် စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားတွင် NUG၏ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးအပ်ခဲ့သည့်အခြေအနေနှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် ဒု-စစ်ဒေသမှူး စောရှားက ယခုလို ပြောဆိုခြင်းဖြစ်သည်။

“လတ်တလောကတော့ လက်နက်တပ်ဆင်မှု အပိုင်းမှာကျတော့ တောင်ပိုင်း တစ်ခုလုံးအတိုင်း အတာနဲ့ဆိုရင် ဖြစ်ချင်တာတော့ ရာခိုင်နှုန်းအပြည့် ပြည့်မီအောင်တော့ ကြိုးစားဆောင်ရွက်နေတာပေါ့။ ဒီစစ်ကြောင်းတွေ အားလုံးအတွက် မှန်းထားတာတော့ ၇၅ ရာခိုင်နှုန်း ပြည့်မှီအောင်တပ်ဆင်ပေးမလို့ အခုက ၅၀ ရာခိုင်နှုန်းတောင် မပြည့်မှီသေးဘူး။ အမြန်ဆုံးပြည့်မှီ အောင်တော့ကြိုး စားဆောင်ရွက်နေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကျားသစ်နက် စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားသို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ၊ စစ်ဒေသခွဲ အမှတ် (၃) မှ ဒု – စစ်ဒေသမှူး စောရှားနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်ဆင်ပေးသည့် လက်နက်များနှင့် NUG ပြည်ထောင်စုဝန်ကြီးချုပ်မှ ပေးပို့သည့် ဂုဏ်ပြုငွေ (၁၀) သိန်းကျပ်ကိုလည်း မွမ်းမံသင်တန်းဆင်းရဲဘော်များကို ပေးအပ်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၏ ထုတ်ပြန်ချက်အရ သိရသည်။

Photo: တောင်ပိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေး

ထိုသို့ လက်နက်တပ်ဆင်မှုများအပြင် ယခင်က ခုခံတော်လှန်စစ်အသွင်မှ လက်ရှိတွင် ထိုးစစ်ဆင်သည့် စစ်ဆင်ရေးအသွင်ကို ပြောင်းလဲဖော်ဆောင်နေပြီး စစ်မျက်နှာတိုးချဲ့သွားမည်ဖြစ်၍ ယခင်ကထက် စစ်ဆင်ရေးအရှိန်တိုးမြှင့်သွားရန်သာ ရှိကြောင်းလည်း ဒု-စစ်ဒေသမှူး စောရှားက ဆက်ပြောသည်။

လက်ရှိကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးကျေးရွာများတွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံး မှုများပြား၍ လေကြောင်းဖြင့် ပစ်ကူနေရသည့်အထိ တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနစစ်ကြောင်း သင်တန်း ဆင်းပွဲသို့ NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ခဲ့ပြီး အဆိုပါ ဒေါနစစ်ကြောင်းကိုလည်း လက်နက်တပ်ဆင်ပေးခဲ့သည်။

အလားတူ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်သော ကော်ဘရာစစ်ကြောင်းကိုလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် NUG က လက်နက်အလက် ၅၀ ထောက်ပံ့ပေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။