Home သတင်း အရပ်သား (၈)ဦး သတ်ဖြတ်သည်ဟု စွပ်စွဲချက်အပေါ် ကော်သူးလေအာမီ(KTLA) တုန့်ပြန်

အရပ်သား (၈)ဦး သတ်ဖြတ်သည်ဟု စွပ်စွဲချက်အပေါ် ကော်သူးလေအာမီ(KTLA) တုန့်ပြန်

1341
Photo-Kwekalu

ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၄)နယ်မြေ၊ ဘုတ်ပြင်း (လန်ကဆော)မြို့နယ်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) (၂၀၃)တပ်ရင်းနယ်မြေအတွင်း အခြေစိုက်လှုပ်ရှားနေသည့် ကော်သူးလေ အာမီ(KTLA) မှ အရပ်သား ၈ ဦးကို ဒလန်ဟုစွပ်စွဲကာသတ်ဖြတ်လိုက်ကြောင်း သတင်းမီဒီယာအချို့တွင် စွပ်စွဲရေးသား ဖော်ပြချက်အပေါ် KTLA ဘက်က တုန့်ပြန်ပြောဆိုလိုက်သည်။

ယခင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ်မှ ရာထူးတာဝန်ရပ်စဲ ခံလိုက်ရသူ ဗိုလ်ချုပ်ကြီး စောနယ်ဒါးမြဦးဆောင်သည့် တပ်မဟာ(၄) နယ်မြေရှိ KTLA တပ်ဖွဲ့ဝင်များက ယွာဟေးလူ နှင့် နန်မတို ကျေးရွာစပ်လမ်းတွင် ဒေသခံ ၈ ဦးကို ဒလန်ဟု စွပ်စွဲ၍ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က သတ်ဖြတ် ခဲ့ကြောင်း KNU တပ်မဟာ (၄) အခြေစိုက် ကွယ်ကလူသတင်းဌာန၏ ဖော်ပြချက်အပေါ် KTLA ခေါင်းဆောင် စောနယ်ဒါးမြက ယခုလိုငြင်းဆန်လိုက်ခြင်းဖြစ်သည်။

၎င်းက “အဲ့ကိစ္စကို ကျနော့်လူတွေကို မေးပြီးပြီ။ သူတို့လုပ်တာမဟုတ်ဘူးတဲ့။ သူတို့ သတင်းကြားတာက လုပ်တဲ့ သူတွေက အထဲက လူတွေပဲတဲ့။ သေချာစိစစ်တော့ ကျနော်တို့ လူမဟုတ်ဘူးတဲ့။ ကျနော်မေးကြည့်တော့ အဲ့လူတွေက စစ်တပ်ရဲ့ သူလျှိုလာဘာလား ပြောပေမဲ့ ကျနော်တို့လူတွေ မလုပ်တာတော့ သေချာတယ်။ ရွာသား အချင်းချင်းလား ဘယ်အဖွဲ့က လုပ်တာလဲဆိုတာလည်း ကျနော်တို့ သေချာမသိသေးဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

ကွယ်ကလူဖေ့ဘွတ်စာမျက်နှာ၏ သတင်းဖော်ပြချက်အရ ဇန်နဝါရီလ ၁၃ ရက်နေ့က ယွာဟေးလူ မြို့နယ် အတွင်းရှိ KTLA တပ်ဖွဲ့ဝင်များက အရပ်သား (၈)ဦးကို ယွာဟေးလူ နှင့် နန်မတို ကျေးရွာလမ်းစပ်တွင် ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ကြောင်း နှင့် အသတ်ခံရသည့် အရပ်သားများ၏ အမည်နှင့် အကြောင်းအရာ အတိအကျကို စုံစမ်းဆဲ ဖြစ်ကြောင်း ဖော်ပြရေးသားထားခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တွင်တည်ရှိသည့် အဆိုပါ ဒေသတွင် KNU တပ်မဟာ(၄)အပြင် အခြားသော လက်နက်ကိုင် အုပ်စုများလည်း လှုပ်ရှားရာနေရာဖြစ်ပြီး လက်ရှိအရပ်သား (၈)ဦးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့် အဖွဲ့ အစည်းက ပြုလုပ်ခဲ့ကြောင်းကိုမူ တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမတွေ့ရသေးသလို ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ရန်ကြိုးစားနေဆဲဖြစ်သည်။

ထို့အပြင် သက်ဆိုင်ရာ ကေအဲန်ယူ တပ်မဟာ(၄) တာဝန်ရှိသူများကို ဆက်သွယ်မေး မြန်းခဲ့သော်လည်း ဆက် သွယ်၍ မရဘဲ ၎င်းတို့အနေဖြင့်လည်း သီးခြားသတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်း တွေ့ရသည်။