Home သတင်း သရက်ချောင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ညအချိန်မတော် သေနတ်ပစ်ဖောက်မှုများ ပြုလုပ်

သရက်ချောင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ညအချိန်မတော် သေနတ်ပစ်ဖောက်မှုများ ပြုလုပ်

837
Photo: Crd.

ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညအချိန်မတော် အကြောင်းမဲ့ သေနတ်ပစ်ဖောက်မှုများ ပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။

သရက်ချောင်းမြို့ပေါ်တွင် ယခုလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ညအချိန်မတော် အကြောင်းမဲ့သေနတ် ပစ်ခတ်မှုမျိုး ပြုလုပ်လျက်ရှိပြီး မြို့နေ ပြည်သူများ အနေဖြင့် ညအချိန် စိုးရိမ်စိတ်များဖြင့် အိပ်နေကြရကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “သေနတ်သံက မနေ့ည ၁၁နာရီဝန်း ကျင်လောက်မှာ ကြားရတယ် လူတွေအိပ်တဲ့ အချိန်လောက်။ အဲ့လိုအချိန် မြို့မှာက ဘယ်သူမှ သိပ်ပြီး အပြင်မထွက်ကြဘူးလေ။ အဲ့လိုတွေပစ်နေကြတော့ ဘယ်အချိန် ကိုယ့်အိမ်ခေါင်မိုးပေါ် လာကျမလည်းဘဲ ကြောက်နေရတာ။ ဒီလထဲမှာ သေနတ်သံတွေခဏခဏ ကြားနေရတယ်၊၊ အသံကတော့ သရက်ချောင်း ရဲစခန်းဘက်ပဲ ထင်တယ်။ ပြီးတော့ စစ်သားတွေက သူတို့ကားမောင်းကြတာလည်း အကြမ်းကြီးပ။ ညဘက်တွေဆို အဲ့လိုအသံတွေကြောင့် အခက်တွေ့နေရတယ် တိုက်ပွဲဖြစ်ရင် ဘယ်ကို ပြေးရမလဲဆိုပြီး။” ဟု ကေအိုင်စီသို့ ပြောသည်။

အကြောင်းမဲ့ သေနတ်ပစ်ဖောက်မှုများကြောင့် ပြည်သူများအနေဖြင့် ညဘက်အချိန် ကြောက်လန့်နေကြရပြီး စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ် ရေး(လဝက) အုပ်ချုပ်ရေးအဖွဲ့များမှ တစ်အိမ်တက် တစ်အိမ်ဆင်း လူဦးရေ နှင့် သန်ခေါင်စာရင်းကောက်ခံသည့် ညများတွင်မူ အကြောင်းမဲ့သေနတ်ပစ်ဖောက်သံများ ကို မကြားရ ကြောင်း နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

၎င်းက“ မနေ့ညကတော့ အသံအကျယ်ကြီး နှစ်ချက်လောက်ကြားပြီး သေနတ်ဖောက်သံတွေ ကြားရတာပဲ။ ဒီအုပ်ချုပ်ရေးမှုးတွေ သူတို့မဲစာရင်းလာကောက်တဲ့ ညတွေဆိုရင်တော့ အဲ့လိုအသံတွေ မကြားရဘူး။ တိုက်ဆိုင်တာပဲလား၊ ဘာလားတော့မသိဘူး။ ညဘက်ခြမ်းတွေ အဲ့ဒီ မဲလာကောက်တာကိုဘဲလန့်ရမလား၊သေနတ်သံပဲ လန့်ရမလား။ ညဘက် ရောက်လာမှာကိုပဲ ကြောက်နေရတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အခြေချရာဂိတ်များတွင်လည်း စစ်ကောင်စီတပ်သားများမှ သေနတ်များကို အကြောင်းမဲ့ပစ်ဖောက်ခြင်းကို မကြာခဏ ပြုလုပ်လျက်ရှိပြီး၊ ပြည်သူများ အား ငွေညှစ်တောင်းခံခြင်း၊ အကြောင်းမဲ့ဖမ်းဆီး စစ်ဆေးခြင်းများကိုလည်း ပြုလုပ်လျက်ရှိကြောင်းဒေသတွင်း သတင်းအရင်းမြစ်များ၏ ပြောဆိုမှုအရ သိရသည်။