Home သတင်း ကျိုက်ဒုံမြို့နှင့် အနီးအနားရှိဒေသခံများ ထက်ဝက်ခန့် တိမ်းရှောင်နေကြရ

ကျိုက်ဒုံမြို့နှင့် အနီးအနားရှိဒေသခံများ ထက်ဝက်ခန့် တိမ်းရှောင်နေကြရ

1420

အောက်တိုဘာ ၃၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့အတွင်း ဖြစ်ပွားသည့်ပစ်ခတ်မှုများကြောင့် မြို့ခံနှင့် အနီးအနားကျေးရွာများမှ ဒေသခံ ထက်ဝက်ခန့်သည် ဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်နေကြရသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့ညက ကျိုက်ဒုံမြို့ ရဲစခန်းကို နယ်မြေခံ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်- KNLA တပ်ရင်း ၁၈ ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီ တပ်ဘက်မှ လေကြောင်းအသုံးပြု၍ ပြန်လည်တိုက်ခိုက်လာမည်ကို စိုးရိမ်သည့်အတွက် ဒေသခံ အများအပြား သည် ကြိုတင်တိမ်းရှောင်နေကြခြင်းဖြစ်သည်ဟု တိမ်းရှောင်နေသည့် ကျိုက်ဒုံဒေသခံတစ်ဦးက ပြောသည်။

၎င်းကျိုက်ဒုံဒေသခံက “ကျိုက်ဒုံမြို့မှာတော့ အိမ်ပြင်ထွက်ရင်တိတ်ဆိတ်သွားပြီး။ တော်တော်များများမရှိ တော့ဘူး။ ကျမတို့လည်း ထိုင်းနယ်စပ်ဘက်မှာ လာရှောင်ရတယ်။ ရဲစခန်းတက်သိမ်းထားတာဆိုတော့ အဓိက လေယာဉ်နဲ့ပြန်လာပစ်မှာတစ်ခုတော့ ကြောက်တယ်။ ပြီးတော့ အိမ်တော်တော်များများမှာလည်း ကျင်းပုန်းတွေတူးထားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျိုက်ဒုံဒေသခံအချို့သည် အခြားမြို့များဖြစ်သည့် မော်လမြိုင်၊ မုဒုံနှင့် ဖားအံမြို့များသို့ သွားရောက်တိမ်းရှောင်နေကြသူရှိသလို အများစုမှာ ထိုင်းမြန်မာနယ် စပ်ဘက်တွင် သွားရောက်တိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

ကျိုက်ဒုံမြို့အပြင် အနီးအနားကျေးရွာများဖြစ်သည့် မိတန်၊ မိနန်းအပ်၊ ကမားခလယ့်၊ အဇင်း၊ ဖုချိမူ၊ ကွီးခလုံးနှင့် ကွီလုံတိုင်အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်မှ ဒေသခံများလည်း စစ်ရှောင်နေကြပြီး အချို့မှာ သွားလာရေး အခက်အခဲကြောင့် ကျေးရွာတွင် ဆက်လက်နေထိုင်ကြသည်ဟု ဒေသခံများက ပြောသည်။

ရာနှင့်ချီ တိမ်းရှောင်နေကြသည့် ထိုဒေသခံစစ်ရှောင်များတွင် သက်ကြီးရွယ်အို၊ ကလေးငယ်နှင့် ကိုယ်ဝန် ဆောင်မိခင်တို့ အများဆုံးပါဝင်ပြီး ထိုင်းနယ်စပ်ရှိ ဘောနူထ၊ မိုက်လရောင်းခီ့နှင့် ပိုင်ခလန်စသည့် နေရာရှိ စစ်ရှောင်ထားရှိသည့် နေရာနှင့် အသိမိတ်ဆွေနေအိမ်များတွင် ယာယီသွားရောက်ခိုလှုံကြခြင်းဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံဘက်ခြမ်း ပိုင်ခလန်ရွာသားတစ်ဦးက “မနေ့က ဘုန်းကြီးကျောင်းဝင်းထဲမှာ ရောက်လာ တဲ့လူများတယ်။ ခဏနေတော့ ထိုင်းစစ်သားတွေရောက်လာပြီး မြန်မာဘက်ခြမ်းက ပိုင်ခလန်ရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ သွားပြန်ပို့တယ်။ ဒါပေမယ့် လိုအပ်တဲ့ စားစရာအချို့တော့ သွားကူပေး တာတော့ရှိတယ်။ ထိုင်းဘက်မှာလည်း အပေါ်က ခွင့်ပြုချက်မရသေးလို့ မပေးနေ တာဖြစ်မယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းမှ ညအချိန်မတော် ကျေးရွာများဘက်သို့ လက်နက်ကြီးနှင့် ပစ်ထုတ်မှုများ ရှိနေသည့်အတွက် တိမ်းရှောင်နိုင်ခြင်းမရှိဘဲ ရွာတွင်နေထိုင်နေဆဲ ဒေသခံ များမှာ သတိဖြင့်သွားလာ၊ နေထိုင်ကြရသည်ဟု ဒေသခံများထံမှ သိရသည်။

နယ်မြေခံ KNLA ပူးပေါင်းတပ်ဘက်မှ ကျိုက်ဒုံမြို့ စစ်ကောင်စီရဲစခန်းကို ဝင်ရောက်ပစ်ခတ်သိမ်းပိုက်သည့် နေ့တွင် စစ်ကောင်စီ ဗျူဟာကုန်းမှ လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်မှုလုပ်ဆောင်သည့်အတွက် ကျိုက်ဒုံမြို့ရှိ လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့သေးသည်။

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင်လည်း ဒူးပလာယာခရိုင်၊ နို့တကော(ကြာအင်းဆိပ်ကြီး)မြို့ နယ်ရှိ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း -ခမရ ၅၆၁ ကွီလုံတိုင်စခန်းကို KNLA တပ်ရင်း ၁၇နှင့် တပ်ရင်း-၁၈ ပူးပေါင်းတပ်ဖွဲ့တို့ တက်ရောက်သိမ်းပိုက်ခဲ့သည့်ဖြစ်စဉ်ကြောင့် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးသည်။