Home သတင်း ဆန်နှင့်ဆီစျေးများ ကျဆင်းသွားသော်လည်း စစ်တပ်ထုတ်ကုန်ပစ္စည်းများ စျေးနှုန်းမြှင့်တက်လျက်ရှိနေ

ဆန်နှင့်ဆီစျေးများ ကျဆင်းသွားသော်လည်း စစ်တပ်ထုတ်ကုန်ပစ္စည်းများ စျေးနှုန်းမြှင့်တက်လျက်ရှိနေ

1394
Photo: CJ

အောက်တိုဘာလ (၁၁)ရက်၊ ၂၀၂၂ ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်ရှိ နေရာအနှံ့အပြားတွင် အောက်တိုဘာလ(၁)ရက်နေ့မှစပြီး ဆန်စျေးနှုန်း၊ ဆီစျေးနှုန်းများ ကျဆင်းသော်လည်း စစ်တပ်ပိုင်ထုတ်ကုန်ပစ္စည်းများမှာ စျေးနှုန်းကျဆင်းမှုမရှိဘဲ မြှင့်တက်လျက်ရှိနေသည်ဟု မြို့ခံ ကုန်ရောင်း ကုန်ဝယ်လုပ်ဆောင်သူများက ပြောသည်။

စစ်အာဏာသိမ်းမှု(၂)နှစ်ခန့် ကြာမြင့်လာပြီးသည့်နောက် ဒေါ်လာစျေး၊ ရွှေစျေးနှုန်းများ အဆမတန်မြှင့်တက် လာပြီး မြန်မာငွေကျပ် တန်ဖိုးများကျဆင်းကာ ယခုအောက်တိုဘာလတွင်မူ ဆန်၊ ဆီစသည့် အခြေခံ စားသုံးကုန်များ စျေးအနည်းငယ်ကျဆင်းသွားခဲ့သော်လည်း စစ်တပ်ပိုင်လုပ်ငန်းများမှ ထုတ်လုပ်သည့် လက်ဖက်၊ နို့ဆီဗူး၊ သနပ်ခါး၊ ဖုန်းဆင်းကဒ် စသည့်ပစ္စည်းများမှာ စျေးကျဆင်းမှုမရှိဟု ကုန်ရောင်းကုန်ဝယ်သူ တစ်ဦးက ယခုလိုပြောသည်။

“ဆန်စျေး ဆီစျေးကတော့ကျတယ်။ ကျန်တာဘာမှ မကျဘူး။ ဒီမနက်ပဲ ကြက်ဥတစ်ကဒ်သွားဝယ်တာ ၆ထောင်နဲ့ ၂ ရာတဲ့။ နေ့တိုင်းစျေးတက်တယ်။ အရင်က ကြက်ဥ ၃ထောင်က အခု ၆ထောင်ကျော်တဲ့။ မြန်မာပြည်ကထွက်တဲ့စစ်တပ်ပိုင် ပစ္စည်းအကုန်စျေးတက်တယ်။ ယိုးဒယားပစ္စည်းပဲ စျေးကျတာ။ ဆန်နဲ့ဆီတွေက ဘတ်စျေးအတက်အကျကို ကြည့်ပြီး စျေးက ကစားနေတယ်။ စစ်တပ်ကထုတ်တဲ့ပစ္စည်း လက်ဖက်တို့ နို့ဆီဗူးတို့က စျေးမကျဘူး။ စျေးကတက်ပြီးရင်လည်း ပြန်မကျတော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့နောက် မြန်မာနိုင်ငံအတွင်းမှ ထုတ်လုပ်သည့် စစ်တပ်ပိုင် ကုန်စည်ထုတ်ကုန်ပစ္စည်းများ စျေးနှုန်းမြှင့် တက်နေမှုသည် ကရင်ပြည်နယ်တစ်ဝှမ်းသာမက အခြားသောတိုင်းဒေသများအသီးသီးတွင်လည်း အလားတူ မြှင့်တက်လျက်ရှိနေသည်ဟု သိရသည်။

Photo: CJ

“အဒေါ်တို့မှာလည်း ဆီတို့ဆန်တို့ကျတော့ဘတ်စျေးကျရင် စျေးကျတယ်။ ဘတ်စျေးတက်ရင် စျေးတက်တယ်လေ။ အဲ့ဒီရွှေပြည်နန်းသနပ်ခါးတွေ ဘိလပ်မြေအိတ်တွေ အကုန်စျေးတက်တယ်။ စစ်တပ်ကထုတ်တဲ့ဟာတွေပဲ စျေးကတက်နေတာ။ အချိုမှုန့်တို့၊ ဆားတို့က ထိုင်းဘက်ကဝင်တော့ ဘတ်စျေးကျရင် အဲ့တာတွေက စျေးနည်းပြန်ကျတယ်လေ”ဟု မော်လမြိုင်မြို့ခံ ကုန်ရောင်း ကုန်ဝယ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခုလို စစ်တပ်ထုတ်ကုန်ပစ္စည်းများ စျေးနှုန်းမြှင့်တက်နေမှုသည် ဒေါ်လာစျေးနှင့်ရွှေစျေးနှုန်း အတက်အကျ ကိုကြည့်ပြီး စျေးနှုန်းကစားခြင်းမဟုတ်ဘဲ နေ့စဉ်မြှင့်တက်လာနေသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်၏ ထုတ်ကုန်ပစ္စည်းများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ ရောင်းအားကျ ဆင်းလာပြီး စစ်တပ်ပိုင်ပစ္စည်းများကို မသုံးစွဲကြရန် ပြည်သူများက သပိတ်မှောက်မှုများလည်းရှိသည်။