နိုဝင်ဘာ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကော်သူးလေအာမီ(KTLA) မှ တပ်ခွဲ(၂)ခု အပါအဝင် တပ်ဖွဲ့ဝင်(၂၄)ဦးမှာ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) က ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်သည့် တပ်မဟာ(၉) ထံ ယမန်နေ့ နိုဝင်ဘာ (၂၆) ရက်နေ့က ဘက်ပြောင်းခိုလှုံလာကြောင်း သိရသည်။
KTLA မှ ဗိုလ်အဆင့် စောထီးမူးဦးဆောင်သော အဆိုပါတပ်ဖွဲ့ဝင်များမှာ လက်နက်များနှင့်တကွ KNLA တပ်မဟာ(၉)၊ တပ်ရင်း(၁၂)ထံ ခိုလှုံလာသည်ဟု ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်က ယနေ့ (နိုဝင်ဘာ ၂၇ ရက်) တွင် ထုတ်ပြန်ဖော်ပြထားခြင်းဖြစ်သည်။
KTLA သည် ကေအဲန်ယူမှ ထုတ်ပယ်ခံရသည့် ဗိုလ်မှူးချုပ်စောနေဒါးမြ က ဦးဆောင်ကာ ၂၀၂၂ ခုနှစ်တွင် တည်ထောင်ခဲ့သော ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။
အဖွဲ့တည်ထောင်ပြီးနောက် ကေအဲန်ယူ တပ်မဟာ(၄)နှင့် တပ်မဟာ(၆)နယ်မြေတို့တွင် စစ်ရေးလှုပ်ရှားနေပြီး စစ်အုပ်စုကို တိုက်ခိုက်သည့်အပြင် KNU/KNLA တပ်များနှင့်လည်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည်။
၂၀၂၅-၂၀၂၆ ထဲတွင် KTLA မှ တပ်ဖွဲ့ဝင်အများအပြား KNLA တပ်မဟာ(၄)နှင့် တပ်မဟာ(၆) ထံ အသီးသီး ပြန်လာပူးပေါင်းမှုရှိခဲ့သော်လည်း ထပ်တိုးဖွဲ့စည်းမှု သက်တမ်း လပိုင်းသာရှိသေးသည့် KNLA တပ်မဟာ(၉)ထံ ဘက်ပြောင်းခိုလှုံမှုမှာ ယခုအကြိမ်က ပထမဆုံး ဖြစ်သည်။
မြိတ်-ထားဝယ်ခရိုင်နှင့် ဒူးပလာယာခရိုင်အကြားရှိ ဒေသကို ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းထားသော KNLA တပ်မဟာ(၉)ကိုမူ တပ်ရင်း(၄)ခုဖြင့်ဖွဲ့စည်းခဲ့ပြီး တပ်မဟာ(၄)နှင့် တပ်မဟာ(၆) မှ တပ်ရင်းတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။


















