နိုဝင်ဘာ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၏ (၂၀) ကြိမ်မြောက် ကွန်ဂရက်တွင် ခရိုင်ဥက္ကဋ္ဌ၊ ဒုဥက္ကဌ၊ ခရိုင်အတွင်းရေးမှူးနှင့် တွဲဖက်ခရိုင်အတွင်းရေးမှူး တို့အပါအဝင် အမြဲတမ်းကော်မတီဝင်နှင့် ဌာနဆိုင်ရာခေါင်းဆောင်များကို ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ကြောင်း ယမန်နေ့ (နိုဝင်ဘာ ၂၆ ရက်) ထုတ်ပြန်ချက်အရ သိရသည်။
တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင် နယ်မြေတစ်နေရာတွင် နိုဝင်ဘာလ (၂၃) ရက်နေ့မှ (၂၆) ရက်နေ့အထိ (၃)ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါကွန်ကရက်တွင် ကိုယ်စားလှယ်(၈၀)ဦး ဝင်ရောက် အရွေးခံခဲ့ကြခြင်းဖြစ်ပြီး ခရိုင်ဥက္ကဌအဖြစ် ပဒိုစောဖလို့စိုးဝင်းက ဆက်လက် ရွေးကောက်ခံရသည်။
ခရိုင် ဒုဥက္ကဌနေရာတွင် ဗိုလ်မှူးချုပ် စောလေးထော၊ ခရိုင်အတွင်းရေးမှူး အဖြစ် ပဒိုစောအယ်နာ၊ ခရိုင်တွဲဘက်အတွင်းရေးမှူးအဖြစ် ပဒိုစောဘိုးဘိုးခင်မောင်တို့က ရွေးချယ်ခံရပြီး ခရိုင်တရားသူကြီးအပါအဝင် ခရိုင်အမြဲတမ်းကော်မတီဝင် (၃၁) ဦးအား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ကျန်းမာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု၊ လယ်ယာစိုက်ပျိုးရေး၊ သစ်တော၊ အခွန်နှင့် ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တုတွင်းဌာနများနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF တို့အတွက် သက်ဆိုင်ရာ ခေါင်းဆောင်သစ်များကိုလည်း ရွေးချယ်ခဲ့ကြသည်။
အဆိုပါကွန်ကရက်တွင် လေးနှစ်တာအတွင်း လုပ်ငန်းစဥ် အစီရင်ခံချက်များကို ပြန်လည်သုံးသပ်ကြခြင်းလည်း ရှိပြီး ကေအဲန်ယူ ဗဟို၏ ခေါင်းဆောင်များအပါအဝင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO ခေါင်းဆောင်များ တက်ရောက်အကြံပေးကြသည်ဟု ဆိုသည်။
၂၀၂၃ ခုနှစ်မှစ၍ ဗဟို၊ ခရိုင်နှင့် မြို့နယ်အဆင့်ကွန်ကရက်များကို လေးနှစ်တစ်ကြိမ်သတ်မှတ်ရန် ကေအဲန်ယူက သတ်မှတ်ထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် (၁၉)ကြိမ်မြောက် မြိတ်-ထားဝယ်ခရိုင်၏ ကွန်ကရက်ကိုမူ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နဂိုသတ်မှတ်ထားသည့် ၂၀၂၀ ခုနှစ်မှ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီသို့ ပြောင်းလဲပြုလုပ်ခဲ့ပြီး ကေအန်ယူ မြိတ်-ထားဝယ်ခရိုင် လေးမြို့နယ်မှ ခေါင်းဆောင်နှင့် ကိုယ်စားလှယ်များ ဝင်ရောက်ရွေးချယ်ခံခဲ့ကြသည်။


















