Home သတင်း မြဝတီက ကျားဖြန့်ဂိုဏ်းကို စစ်အုပ်စု ဝင်ဖမ်း၊ ကျားဖြန့်အလုပ်သမား ရာနှင့်ချီဖမ်းခံရ

မြဝတီက ကျားဖြန့်ဂိုဏ်းကို စစ်အုပ်စု ဝင်ဖမ်း၊ ကျားဖြန့်အလုပ်သမား ရာနှင့်ချီဖမ်းခံရ

5
Photo: CJ

နိုဝင်ဘာ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့၊ သောင်ရင်းမြစ်ကမ်းဘေးရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)များကို ယနေ့၊ နိုဝင်ဘာ ၂၇ ရက် နေ့လည်ပိုင်းတွင် စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးခဲ့ရာ နိုင်ငံခြားသားများအပါအဝင် ကျားဖြန့်အလုပ်သမား (၁၅၀) ခန့် ဖမ်းဆီးခံခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူ မြို့ခံသတင်းအရင်းအမြစ်က ပြောသည်။

ကရင်နယ်ခြားစောင့်တပ် BGF/KNA ထိန်းချုပ်ထားသည်ဟု ယူဆရသော မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ (၁၃) ဂိတ်လမ်းမအတွင်းရှိ အဆိုပါကျားဖြန့်လုပ်ငန်း(၃) ခုကို စစ်အုပ်စုတပ်ဖွဲ့ဝင်များ၊ ရဲနှင့် လဝက(လူဝင်မှုကြီးကြပ်ရေး) အဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထိုနေရာအနီး နေထိုင်သည့် မြဝတီမြို့ခံတစ်ဦးက ပြောသည်။

“နေ့လည်က စစ်တပ်ဝင်ချလာပြီး ဟန်စိမ်း (Hait Sein) ကာစီနို၊ Grand Myawaddy နဲ့ (ခရမ်းပြာ)အမိုးပြာရုံ တွေဝင်ဖမ်းတာ လူ (၁၅၀) လောက်ရှိတယ်။ ကားတွေနဲ့တင်ပြီး အောင်ဇမ္ဗူလင်း ဟိုတယ် ထဲက BGF ရှေ့တန်းရုံး၊ ဆက်ဆံရေးရုံးကို ဖမ်းခေါ်သွားတာ” ဟု ၎င်းမြို့ခံက ပြောသည်။

ထိုသို့ ဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံသားများအပါအဝင် တရုတ်နှင့် အခြားနိုင်ငံခြားသားများမှာ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့ ထွက်ပြေးကြသလို မြဝတီ လူနေရပ်ကွက်ထဲနှင့် BGF/KNA ဂိတ်ဝင်းများဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

စစ်အုပ်စုကလုပ်ဆောင်သည့်အပေါ် BGF/KNA ဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်တာမျိုး မတွေ့ရှိရသေးသလို ကရင်သတင်းဌာန-ကေအိုင်စီအနေဖြင့်လည်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်နေဆဲဖြစ်သည်။

မြဝတီဘက်ရှိ အဆိုပါကျားဖြန့်ဂိုဏ်းများမှာ ထိုင်းနိုင်ငံဘက်မှ နယ်စပ်ဖြတ်ကျော်ဂိတ်များဖြစ်သည့် ၁၁ ဂိတ်၊ ၁၃ ဂိတ်၊ ၄၆ ဂိတ်များနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသဖြင့် ထိုင်းနယ်ခြားစောင့်စစ်တပ်ကလည်း ယင်းဂိတ်များကို ပိတ်ချထားကြောင်း နယ်စပ်သတင်းအရင်းအမြစ်များက ပြောသည်။