Home သတင်း လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် မြိတ်-ထားဝယ်ခရိုင်ရှိ ဒေသခံ (၂) ဦး သေဆုံးပြီး (၁) ဦး ဒဏ်ရာရ

လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် မြိတ်-ထားဝယ်ခရိုင်ရှိ ဒေသခံ (၂) ဦး သေဆုံးပြီး (၁) ဦး ဒဏ်ရာရ

5
Photo: KNU

နိုဝင်ဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းက စစ်အုပ်စု၏ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ (၂) ဦး သေဆုံးပြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူနှင့် ဒေသတွင်းသတင်းအရင်းအမြစ်များ ထံမှ သိရသည်။

ယမန်နေ့၊ နိုဝင်ဘာ (၂၇) ရက်၊ နံနက်ပိုင်းတွင် လယ်မူလား(ပုလော)မြို့နယ်၊ မင်းထိန်ကျေးရွာသို့ Y-12 နှင့် K8W ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စု၏ခြေလျင်တပ်ရင်း ခလရ-၂၈၅ မှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

ထို့ကြောင့် ခရစ်ယာန်ကျမ်းစာကျောင်းနှင့် နေအိမ်အဆောက်အအုံများ ပျက်စီးကာ အသက် ၁၇ နှစ်အရွယ် လူငယ် (၁) ဦးအပါအဝင် ဒေသခံ (၂) ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ၏ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါဖြစ်စဥ်အပေါ် ဒေသခံအမျိုးသမီးတစ်ဦးကလည်း “နှစ်ယောက်ဆုံးတယ်။ ကျမ်းစာကျောင်းထိတဲ့အထဲမှာ လူငယ်တစ်ယောက် သေသွားတယ်။ သူ့အသက်က ၁၇ ပါ။ ဘေးက အဆောက်အဦးနဲ့ အိမ်တစ်လုံးလည်း ပျက်စီးသွားပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

Photo: KNU

ထိုနေ့တစ်ရက်တည်း၊ ညနေ (၃) နာရီခွဲအချိန်တွင် ကစယ်ဒို(သရက်ချောင်း)မြို့နယ်၊ လှဘောကျေးရွာအုပ်စု၊ တာလေးခို (ဘုရင့်တောင်) ကျေးရွာအတွင်းသို့ K8W လေယာဉ် ၃ စီးဖြင့် ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နောက်ထပ် ဒေသခံ အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ နိုဝင်ဘာ (၂၆) ရက်၊ ညနေပိုင်းတွင် ထီးမိုပွာကျေးရွာအုပ်စု၊ ကမိုးဟောကျေးရွာအတွင်းသို့ K8W ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း (၁) လုံးနှင့် ဒေသခံနေအိမ် (၁) လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။

ကေအဲန်ယူ တပ််မဟာ(၄)နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်း ပြီးခဲ့သည့် စက်တင်ဘာမှစ၍ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိတ်စိတ်ဖြစ်လာပြီး အထူးသဖြင့် လူထုနေထိုင်သည့်ကျေးရွာနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများနှင့် ကျန်းမာရေး၊ စာသင်ကျောင်း အဆောက်အအုံများလည်း ပစ်မှတ်ထားတိုက်ခိုက်ခံရမှုတွင် ပါဝင်နေသည်။

ထို့အတူ ယခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ မြိတ်-ထားဝယ်ခရိုင်တွင် စစ်အုပ်စု၏ပစ်ခတ်တိုက်ခိုက်မှု စုစုပေါင်း (၆၈) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဖက်အဆောက်အအုံ (၃၀) ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ၏ မှတ်တမ်းအရ သိရသည်။