အောက်တိုဘာ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း လူငယ်အများစုမှာ ကျောင်းပညာရေးဆက်မတက်ကြတော့ဘဲ ထိုင်းတက်အလုပ် သွားလုပ်ကြသည့် အခြေအနေပိုများလာခြင်းကြောင့် ကျေးရွာများတွင် လူငယ်ထက်ဝက်ကျော်မှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းလုပ်သားအဖြစ် များလာနေကြောင်း ဒေသတွင်းအရပ်ဖက်အဖွဲ့ကျေးရွာတာ၀န်ခံများ ပြောဆိုချက်အရ သိရသည်။
စစ်အာဏာသိမ်းဖြစ်စဉ် တစ်နှစ်ကျော်ကာလတွင် ဒေသတွင်းတိုက်ပွဲများဖြစ်ပွားနေခြင်း၊ လူငယ်များအား စစ်သားသစ်စုဆောင်းခံရခြင်း၊ အလုပ်အကိုင်ရှားပါးလာခြင်းနှင့် စစ်ကောင်စီဘက်မှ ဒေသတွင်းသွားလာကြသည့် လူငယ်များအပေါ် စစ်ဆေးမေးမြန်းဖမ်းဆီးငွေညှစ်ခြင်းများ ပိုမိုလုပ်ဆောင်လာခြင်းတို့ကြောင့် မိဘများမှ ၎င်းတို့သားသမီးများအား ထိုင်းနိုင်ငံဘက်သို့ အလုပ်လုပ်ကြရန် ပို့ဆောင်ကြသည့် အခြေအနေပိုမိုများပြားလာသည့်အတွက် ကျေးရွာများဘက်တွင် လူငယ်ထက်ဝက်ကျော်မှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းလုပ်သားအဖြစ်များ လာနေကြောင်း ဖားအံဒေသအတွင်း အရပ်ဖက်အဖွဲ့ကျေးရွာတာ၀န်ခံတစ်ဦးက ပြောသည်။
သူက “ ကျနော့်တို့ ရွာဘက်မှာဆိုရင် တက္ကသိုလ်တက်တဲ့ ကလေးတွေ တော်တော်များများ ကျောင်းဆက် မတက်တော့တာ၊ ထိုင်းပဲတက်ကြတော့တယ်၊ စစ်အာဏာသိမ်း ဖြစ်စဉ် ၂ နှစ် နီးပါးမှာ ရွာက လူငယ်တွေ ယောကျ်ားလေး၊ မိန်းကလေး အရွယ်ကောင်းတွေ ရွာက မိဘတွေကသိပ်ပြီး ပေးမနေတော့ဘူး။ BGF စစ်သားစုတာမှာ ပါသွားလည်း ကြောက်ရတယ်၊ ရွာမှာလည်း လုပ်ကိုင်စားစရာ အလုပ်က မရှိဘူး။ မြို့ဘက်တက်ပြီး အလုပ်လုပ်တော့လည်း စစ်ဆေးမေးမြန်း ဖမ်းဆီး ငွေညှစ်တာတွေ မကြာခဏ ဖြစ်ဖြစ်နေတော့ လူငယ်တွေကို ထိုင်းတက်ခိုင်းတာပဲ အဆင်ပြေတော့တယ်”ဟု ပြောသည်။
ယခု ကာလအတွင်း လူငယ်များအနေဖြင့်လည်း စစ်ကောင်စီအုပ်ချုပ်ရေးနယ်မြေအတွင်း လုံခြုံစွာနေ ထိုင်စားသောက်ရသည့် လူမှုဘ၀အခြေအနေများ မရှိတော့ဘဲ ပိုမိုကြပ်တည်းလာသည့်အတွက် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်လာကြသည့် အခြေအနေဖြစ်လာကြောင်း ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့သည့် ဖားအံမြို့နေလူငယ်တစ်ဦးက ယခုလို ပြောသည်။

“လူငယ်တွေ ဆိုရင် PDF လား၊ ဆန္ဒပြမယ့်ကောင်လား၊ ဒီကောင်ဘယ်သွားလဲ၊ ဘာလုပ်လဲဆိုတာ နေရာစုံက စောင့်ကြည့်ခံနေရတယ်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ စစ်တပ်သတင်းပေးတွေ၊ ပျူစောထီးတွေ၊ မဘသတွေက အမြဲရှိနေတယ်။ ဟိုနေရာ ဒီနေရာသွားရင်လည်း စစ်ဆေးရေး ဂိတ်တွေက နေရာစုံမှာ အမြဲစစ်ဆေးနေတယ်။ သူငယ်ချင်းတွေနဲ့ လူစုပြီး အရင်ကလို သွားကြလာကြ စားကြသောက်ကြ ပုံစံမျိုးနေလို့ မရတော့ ဘူးဖြစ်လာတယ်။ အဲ့တော့ ထိုင်းတက်ပြီး အလုပ်လုပ်တာပဲ ကောင်းတယ်ဆိုပြီး ထိုင်းဘက် အရင်ရောက်နေကြတဲ့ အမျိုးတွေ၊ သူငယ်ချင်းတွေကို ချိတ်ဆက် ကြပြီးအလုပ်လုပ်ဖို့ လာလိုက်တော့တယ်” ဟု ထိုဖားအံလူငယ်က ပြောသည်။
ကရင်ပြည်နယ်အတွင်း စစ်အာဏာသိမ်း ဖြစ်စဉ်ပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော် လှန်ရေးမှာ ပါ၀င်ကြသည့် ဒေသအတွင်း လူငယ်အများစုမှာ လွတ်မြောက်နယ်မြေ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများထံ ခိုလှုံရှောင်တိမ်းနေကြခြင်း၊ CDM ပြုလုပ်ကြသည့် ဒေသတွင်း ၀န်ထမ်းများမှာလည်း တော်လှန်ရေးနယ်မြေများတွင် ခိုလှုံရောက်ရှိကြသည်။
ထိုသို့ သွားရောက်ခိုလှုံရာတွင် ဒေသဖွံဖြိုးရေးလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများဘက်တွင် ၀င်ရောက် ကူညီဆောင်ရွက်နေကြပြီး အချို့မှာစစ်အာဏာရှင် ဆန့်ကျင်သည့် ကိစ္စများတွင် ပါ၀င်သည်ဟုဆိုကာ မတရားဖမ်းဆီးထောင်ချခံနေကြရဆဲဖြစ်ကြောင်း ကရင်ပြည်နယ်အတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ က ပြောဆိုကြသည်။



















