အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြ၀တီမြို့ မြ၀တီချစ်ကြည်ရေးတံတား အမှတ် ၁ အနီး မိုးကုတ်စျေးလမ်းမအနီး ဖွင့်လှစ်ထားသော ဖက်ထုပ်ထမင်းဆိုင်နှင့် စတိုးဆိုင်အတွင်းသို့ ဗုံးပစ်သွင်းတိုက်ခိုက်ခံရမှုကြောင့် ဆိုင်လုပ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာဖြင့် မြ၀တီဆေးရုံတွင်း တက်ရောက်ဆေးကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရပါသည်။
“အခု ၇ နာရီလောက်က ဆိုင်ထဲဗုံးပစ်ထည့်လို့ ပေါက်ကွဲတာတော့ ကြားရတယ်၊ အခုမှအဲ့လူဆိုင်ထဲကဖြစ်တယ်ဆိုတာ သိရတယ်၊ ဆိုင်အလုပ်သမားက သူ့အမျိုး နီးစပ်တော်တဲ့ သူဆိုင်၀န်ထမ်းပေါ့၊ မောင်သီဟသူ အသက် ၁၈ နှစ် ဗုံးစမှန် ဒဏ်ရာနဲ့ ဆုံးသွားတယ်၊ ဆိုင်ရှင်မိသားစုတွေဆိုင်မှာ မရှိကြဘူး၊ အလုပ်သမား ထိသွားတာ ဆေးရုံမှာ ဆုံးသွားတယ်ကြားတယ်”ဟု မိုးကုတ် စျေးအနီးနေထိုင်သူက ပြောသည်။
အဆိုပါ ဗုံးပစ်ခံရသည့် ဖက်ထမင်းဆိုင်နှင့် စတိုးဆိုင်၏ ဆိုင်ပိုင်ရှင်မှာ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ကရင်ပြည်နယ် လွှတ်တော်အမတ်လောင်းအဖြစ် ၀င်ရောက်အရွေးခံခဲ့ဖူးသည့် ဦးစိုးနောင်ဆိုသူဖြစ်သည်။
ယခနှစ်တုန်းကလည်း အဆိုပါ ဖက်ထမင်းဆိုင်နှင့် စတိုးဆိုင်ကို ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခံရဖူးပြီး လူအထိအခိုက်မရှိခဲ့ကြောင်း သိရှိရသည်။




















