Home သတင်း ဒုက္ခသည်အားလုံး တန်းတူအလုပ်လုပ်ခွင့်ရရှိရေး UNHCR ထံ တောင်းဆို

ဒုက္ခသည်အားလုံး တန်းတူအလုပ်လုပ်ခွင့်ရရှိရေး UNHCR ထံ တောင်းဆို

5
Photo crd: TBC

နိုဝင်ဘာ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အထောက်အထားမဲ့ ဒုက္ခသည် (၃၀,၀၀၀) အပါအဝင် ဒုက္ခသည်အားလုံး တန်းတူအလုပ်လုပ်ခွင့်ရရှိရေး ကရင်ဒုက္ခသည်များကော်မတီ (KRC) နှင့် မဟာမိတ်အဖွဲ့များက ပြီးခဲ့သည့်ရက်ပိုင်းတွင် မယ်လဒုက္ခသည်စခန်း၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကိုယ်စားလှယ်ထံ တင်ပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

လေးလတစ်ကြိမ် ကျင်းပလေ့ရှိသည့် အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ UNHCR အပါအဝင် (KRC)၊ ကရင်နီဒုက္ခသည်ကော်မတီ (KnRC)၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း (၉) ခုမှ စခန်းကော်မတီများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ (CBOs)၊ The Border Consortium (TBC) နှင့် နိုင်ငံတကာ အစိုးရမဟုတ်သည့်အဖွဲ့အစည်း (INGOs)များ တက်ရောက်ခဲ့ကြကြောင်း TBC က ယနေ့(နိုဝင်ဘာ ၂၇ ရက်)တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

နိုဝင်ဘာ(၂၄) ရက်မှ (၂၆) ရက်နေ့အထိ ပြုလုပ်သည့် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်အရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွင် ဒုက္ခသည်များ အလုပ်လုပ်ခွင့်ကို အဓိကထားဆွေးနွေးခဲ့ကြပြီး အထောက်အထားမဲ့ ဒုက္ခသည်များ အပါအဝင် အားလုံးတန်းတူအလုပ်လုပ်ရရေး UNHCR ထံ တိုက်တွန်းတောင်းဆိုခဲ့သည်ဟု KRC က ပြောသည်။

“MOI (ထိုင်းပြည်ထဲရေးဝန်ကြီးဌာန)ရဲ့ တရားဝင် အထောက်အထား ရှိတဲ့သူတွေသာ အလုပ်ထွက်လုပ်ဖို့ အခွင့်အရေးရှိကြတယ်။ အထောက်အထားမရှိတဲ့ ဒုက္ခသည် လူသစ်တွေ ၃၀,၀၀၀ လောက်ရှိသေးတယ်။ UNHCR အနေနဲ့ သူတို့ အလုပ်လုပ်ခွင့်ရဖို့ ကိုယ်စားပြောပေးဖို့လိုတယ်။ NGO တွေအားလုံးကိုလည်း right to work နဲ့ပတ်သက်ပြီး အားလုံးအတူတကွ လုပ်ဆောင်ကြဖို့ အားပေးသင့်တယ်။ ဒါတွေကို ကျနော်တို့တင်ပြတာပါ” ဟု KRC ဥက္ကဋ္ဌ စောရောဘတ်ထွေးက ပြောသည်။

ထို့အပြင် ဒုက္ခသည်စခန်းတွင်းရှိ မသန်စွမ်းသူများသည်လည်း TBC ၏ ရိက္ခာအထောက်အပံ့ အနည်းငယ်မှလွဲ၍ ကျန်အကူအညီ မရတော့သဖြင့် UNHCR အနေဖြင့် ၎င်းတို့ဆက်လက်ရပ်တည်နိုင်ရေးအတွက် နည်းလမ်းရှာပေးစေလိုကြောင်းလည်း KRC က ထပ်မံတိုက်တွန်းခဲ့ခြင်းရှိသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံးဒုက္ခသည်စခန်း မယ်လတွင် ပြုလုပ်ခဲ့သည့် အဆိုပါအစည်းအဝေး ပထမရက် နိုဝင်ဘာ(၂၄) ၌ ဒုက္ခသည်များကိုယ်တိုင် ဦးဆောင်သည့် စခန်းစီမံခန့်ခွဲမှု ပိုမိုအားကောင်းလာစေရန် ဆွေးနွေးကြခြင်းလည်း ဖြစ်သည်။

Photo crd: TBC

ယင်းတွင် ဒုက္ခသည်စခန်း(၉)ခုမှ လုပ်ငန်းဆောင်ရွက်မှုများ၊ ကြုံတွေ့နေရသည့်စိန်ခေါ်မှုများ၊ ဒုက္ခသည်လူထု၏ လိုအပ်ချက်များကို ဆွေးနွေးဖလှယ်ကြပြီး ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ညှိနှိုင်းအဖြေရှာခဲ့ကြကြောင်း TBC က ဆိုသည်။

နိုဝင်ဘာ (၂၅) ရက် မှ (၂၆) ရက် အထိတွင်မူ နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်လာ၍ ဒုက္ခသည်များအတွက် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်း၊ တတိယနိုင်ငံသို့ ပြောင်းရွှေ့အခြေချ၊ အလုပ်လုပ်ကိုင်ခွင့်နှင့် စခန်းပြင်ပရှိ စစ်ရှောင်များကို အရေးပေါ်ကူညီထောက်ပံ့ရေးအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောရေဘတ်ထွေးက ဆက်လက်၍ “Right to Work office ထားမယ်ဆိုရင် NGO တွေအနေနဲ့ ဒီရုံးဟာ ဘာတွေလုပ်ရမလဲ၊ ဘာအင်္ဂါရပ်တွေရှိရမလဲ၊ ဘယ်လိုလုပ်ငန်းစဥ်နဲ့သွားရမလဲ စတဲ့ အချက်အလက်တွေကို ပို့ပေးဖို့ ကျနော်တို့တောင်းဆိုထားတယ်။ အနည်းဆုံး ဒီဇင်ဘာ ၁၅-၁၆ လောက်မှာ နောက်ဆုံးထားပြီး ကျနော်တို့ဆီပို့ပေး ကျနော်တို့ကြည့်မယ်ပေါ့။ လိုအပ်ရင် အစည်းအဝေးခေါ်ဖို့လည်း ရှိပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လျှော့ချခံရပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းနေ ဒုက္ခသည်များမှာ စားနပ်ရိက္ခာ ဖြတ်တောက်ခံရမှုနှင့် ကြုံတွေ့ခဲ့ရသည်။ထို့ကြောင့် ၂၀၂၅ ခုနှစ်မှစတင်၍ ထိုင်းအစိုးရက ဒုက္ခသည်များကို တရားဝင် စခန်းပြင်ပထွက် အလုပ်လုပ်ခွင့်ပေးခဲ့ရာ တစ်နှစ်အတွင်း အလုပ်ထွက်လုပ်ခွင့်ရသူ (၆,၈၀၀) ကျော်ရှိလာသည်။

သို့ရာတွင် MOI အထောက်အထား မရှိသော ဒုက္ခသည်များမှာမူ ယနေ့ထိတိုင် စခန်းပြင်ပထွက် အလုပ်လုပ်ခွင့် တရားဝင် မရရှိကြသေးကြောင်း တာဝန်ရှိသူများထံမှ သိရသည်။