Home သတင်း ကော်ဘရာပူးပေါင်းစစ်ကြောင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် စစ်ကောင်စီတပ်သားထံမှ ရွှေ၊ ငွေများ သိမ်းဆည်းရမိ

ကော်ဘရာပူးပေါင်းစစ်ကြောင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် စစ်ကောင်စီတပ်သားထံမှ ရွှေ၊ ငွေများ သိမ်းဆည်းရမိ

765
Photo: Cobra Column

အောက်တိုဘာလ (၈)ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေဖြစ်သည့် တောင်နီကျေးရွာအနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်းများက နယ်မြေရှင်းလင်း ရေးလုပ်ဆောင်နေစဉ် ကျဆုံးသွားသည့် စစ်ကောင်စီတပ်သားထံမှ ရွှေ၊ ငွေ စသည့် ပြည်သူပိုင်ပစ္စည်းများသိမ်းဆည်းရမိသည်ဟု ကော်ဘရာပူးပေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်းရှိ တောင်နီကျေးရွာအနီးတွင် ယမန်နေ့ အောက်တိုဘာလ (၇)ရက် နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း-ခမရ (၁၀၄) ကားကင်းကို KNU တပ်မဟာ ၆၊ တပ်မဟာ တပ်ခွဲ(၂)နှင့် (KNLA)တပ်ရင်း(၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်းများက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ကျဆုံးသွားခဲ့သည့် စစ်ကောင်စီတပ်သားထံမှ ကျေးရွာအတွင်းရှိ ပြည်သူလူထုထံမှ ခိုးယူ၊ လုယက်ထားသော ရွှေနှင့် ငွေ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာ ဒုစစ်ကြောင်းမှူး စောကော်က ပြောသည်။

သူက “နယ်မြေသွားရှင်းတော့ အဲ့ဒီသေနေတဲ့စစ်သားတွေဆီက ရွှေ၊ ငွေ၊ ကျည်တွေလည်းရတယ်။ သူတို့ဆီက အဲ့လိုမျိုးသိမ်းမိတာ ဒီတစ်ခါထဲ မကဘူး။ စစ်တပ်ဘက်ကတော့ ရွာထဲဝင်ရင်ဘာပဲတွေ့တွေ့ အကုန်ယူနေကြပဲလေ။ စစ်သားတွေလာတာက ဆုံဆည်းမြိုင်၊ ဝေါလေ၊ တောင်နီဘက်ကလာတာ ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်သားထံမှ RPG ကျည်တစ်တောင့်နှင့် ၎င်းယမ်းတောင့်တစ်တောင့်၊ စားအိုး စားခွက်များ၊ ဖုန်းတစ်လုံး၊ အချိုရည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ကျေးရွာအတွင်းရှိ ပြည်သူလူထုထံမှ ခိုးယူ၊ လုယက်ထားသော ရွှေ၊ ငွေ ခိုးရာပါ ပစ္စည်းများကို သိမ်းဆည်းရမိသည်ဟု ကော်ဘရာပူးပေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားထံမှ သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများကို ဒေသခံပြည်သူများအနေဖြင့် မိမိတို့ပိုင် ပစ္စည်းဖြစ်ကြောင်း သက်သေနှင့်တကွ ကော်ဘရာပူးပေါင်းစစ်ကြောင်းထံ လာရောက်ထုတ်ယူနိုင်ကြောင်းလည်း ဒုစစ်ကြောင်းမှူး စောကော်က ဆက်ပြောသည်။

ယမန်နေ့ ပစ်ခတ်မှုတွင် ကော်ဘရာပူးပေါင်းစစ်ကြောင်းများ၏ လက်ဖြောင့်စနိုက်ပါ စစ်သည်များ၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်ဘက်မှ (၃)ဦးသေဆုံးသွားခဲ့ပြီး ကော်ဘရာပူးပေါင်းစစ်ကြောင်းများဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။