Home သတင်း ကော့ကရိတ်မြောက်ပိုင်းတွင် ကင်းထောက်လေယာဉ်များ နေ့ညပျံသန်းထောက်လှမ်းလာမှုကြောင့် ဒေသခံများလေကြောင်းရန် ကြောက်လန့်နေကြရ

ကော့ကရိတ်မြောက်ပိုင်းတွင် ကင်းထောက်လေယာဉ်များ နေ့ညပျံသန်းထောက်လှမ်းလာမှုကြောင့် ဒေသခံများလေကြောင်းရန် ကြောက်လန့်နေကြရ

616
Photo: CJ

အောက်တိုဘာလ ၈ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့ မြောက်ပိုင်းကျေးရွာများဖြစ်သည့် ဒေါနတောင်လမ်းဟောင်းဘက်နှင့် KNU တပ်မဟာ ၇ နယ်မြေ ဒေသများဘက်တွင် စစ်ကောင်စီလေတပ်မှ ကင်းထောက်လေယာဉ် ပျံသန်းကင်းထောက်မှုများ နေ့/ည ပြုလုပ်နေသည့်အတွက် ဒေသအတွင်းကျေးရွာများမှ ဒေသခံများမှာ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လာမည်ကို စိုးရိမ်ကြောက်လန့်နေကြကြောင်း သိရသည်။

ယခုလ အောက်တိုဘာ ၁ ရက်မှစတင်၍ စစ်ကောင်စီလေတပ်မှ ကင်းထောက်လေယာဉ်များ နေ့ /ည ကင်း ထောက်ပျံသန်းမှုများရှိလာနေသည့် တချိန်တည်းတွင် မြေပြင်စစ်ကြောင်းများအနေဖြင့်လည်း ကျေးရွာများ ဘက်သို့ လှည့်ပတ်သွားလာနေမှုများ လုပ်ဆောင်နေသည့်အတွက် ဒေသအတွင်း ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များနှင့်တိုက်ပွဲများ ဖြစ်ပွားလာပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လာမည့်အရေး ကြောက်လန့် စိုးရိမ်မှုများ မြင့်တက်နေကြကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ဒီမြောက်ပိုင်းရွာတွေဘက်မှာက BGF ရော၊ စစ်တပ်ရော၊ KNU ရော၊ PC အဖွဲ့စုံရှိနေတာမို့ ဘယ်တော့ အခြေအ နေတင်းမာပြီးထချကြမလဲ မသိသေးဘူး။ ထီဖိုးဇံ၊ နောင်ကိုင်း၊ နောင်တပွဲဘက်တွေနဲ့ ဒေါနတောင် လမ်းဟောင်း တောင်ကြောဘက်တွေ လေယာဉ်ကင်းထောက်နေတာကြောင့် မြေပြင်တိုက်ပွဲဖြစ်ကြလို့ လေယာဉ်ကဗုံးကြဲရင် ဆိုတာမျိုးတွေးပြီး ရွာသားတိုင်း စိတ်ပူနေကြရတယ်။ ဗုံးကျင်းတွေ တူးထားကြ၊ ပြင်ဆင်ထားကြတာတော့ လုပ်နေကြတယ်”ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်အတွင်း KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေဘက်တွင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြ၀တီ၊ ဝေါလေဒေသများဘက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ယမန်နေ့ အောက်တိုဘာလ ၇ ရက်အထိ စစ်ကြောင်းများ၊ လက်နက်ကြီး ပစ်ခတ်မှုများ၊ လေကြောင်းမှ တိုက်ခိုက်ဗုံးကြဲချမှုများကြောင့် ဒေသခံများစစ်ဘေးရှောင်နေကြရကြောင်း သိရှိရသည်။

ကော့ကရိတ်မြောက်ပိုင်းရှိ ရန်ကုတ်ရွာသားတစ်ဦးကလည်း “အခုက ကော့ကရိတ် ပတ်ခြာလည် တိုက်ပွဲဖြစ်နေတဲ့ ပုံစံဖြစ်နေပြီ။ ပြီးခဲ့တဲ့ရက်က ကရင်အဖွဲ့တွေ အောက်ဘိုတဲလမ်းဟောင်း စစ်ကတုတ်၀င်တိုက်ခံရတယ် ကြား တယ်။ ကျနော်တို့ ရွာသားတွေက ကော့ကရိတ်မြို့ဘက်လည်း သွားလာလို့မရ၊ နဘူးရွာတွေဘက်ကနေ ကျုံဒိုး ဘက်ကို သွားလာ၀ယ်ခြမ်းရတဲ့ ပုံစံဖြစ်နေတာကြာပြီ။ အခုလေယာဉ်က လာဝဲနေတယ်ဆိုတော့ ညဘက်တွေမှာ မအိပ်မနေရဲ ဖြစ်နေကြရတယ် ”ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကော့ကရိတ်မြို့ပေါ် ရဲစခန်း ၂ ခုနှင့် ဘဏ်လုံခြုံရေး ကင်းစခန်း တစ်ခု တိုက်ခိုက်ခံရအပြီးမှစတင်၍ ကော့ကရိတ်မြို့၀င်၊ မြို့ထွက်နေရာများအား လမ်းပိတ်ဆို့ဖြတ်တောက်ထားသည့် အတွက် ကော့ကရိတ်မြို့အနီး၀န်းကျင် ကျေးရွာများမှ ဒေသခံများစျေးရောင်းစျေး၀ယ် နှင့် လူမှုရေး ကျန်းမာ ရေးကိစ္စများ ဆက်သွယ်သွားလာမှုခက်ခဲနေကြရကြောင်း သိရသည်။