Home သတင်း ၆၇ နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲအတွက် ငွေကြေးကောက်ခံမှု ဖားအံမြို့ခံများ စတင်ထည့်ဝင်နေရ

၆၇ နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲအတွက် ငွေကြေးကောက်ခံမှု ဖားအံမြို့ခံများ စတင်ထည့်ဝင်နေရ

998

အောက်တိုဘာ(၈) ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

လာမည့် (၆၇)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ကျင်းပရန်အတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့များမှ ဖားအံမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် အချို့ကျေးရွာများတွင် ငွေကြေး စတင်ကောက်ခံမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ငွေကြေးကောက်ခံရာတွင် ဖားအံမြို့ ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် အိမ်ထောင်စု တစ်စုတွင် ၃,၀၀၀ (သုံးထောင်)ကျပ်ဖြင့် ထည့်ဝင်နေကြရသည်ဟု ဖားအံမြို့ခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

၎င်းက “အိမ်ကိုတော့ လာကောက်ပြီးသွားပြီ။ ၃,၀၀၀ ထည့်လို့ပြီးပြီ။ သူငယ်ချင်းတို့ပြောတာတော့ သူတို့ ဘက်မှာ ဖိတ်စာလာပေးထားတယ်။ စေတနာရှိသလောက် ထည့်လို့ပြောတယ်။ စာအိတ်ကိုလာပေးတာ လမ်းမှူးတွေ။”ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ နှစ်စဉ်အတိုင်းပုံမှန်လုပ်ဆောင်သည့် ကိစ္စများသာြဖစ်သလို ကောက်ခံထားသည့် ငွေကြေးများသည် ပြည်နယ်နေ့အတွက် အသုံးပြုရန်ဖြစ်ပြီး အချို့နေရာများတွင် လာရောက်ကောက်ခံမှုများ မရှိသေးဟု စစ်ကောင်စီခန့် ဒေသအာဏာပိုင်နှင့် နီးစပ်သူ ဖားမြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ပြည်နယ်ပွဲရှိရင် နှစ်အလိုက်ကောက်တာရှိတယ်။ ဘာအတွက်ကောက်တာလဲဆိုတော့ ရပ်ကွက်အလိုက် ဒုံးကြေး၊ ဒုံးအဖွဲ့အလိုက်ဝတ်စုံရဲ့ဘယ်လောက် အဲ့လိုပြောပြီးတော့ ကောက်တာတွေရှိတယ်။ ခါတိုင်းဆိုရင်တော့ အိမ်တိုင်းအိမ်တိုင်းကို ဖိတ်စာတွေ လိုက်ဝေပေးတာရှိတယ်။ တခြားရပ်ကွက်တွေတော့ မသိဘူး။ ဒီဘက်မှာတော့ ဖိတ်စာမရောက်သေးဘူး။”ဟု ပြောသည်။

ပြီးခဲ့သည့်(၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့တွင် ကိုဗစ် ၁၉ ကပ်ရောဂါအပြင် နိုင်ငံရေးအခြေအနေတို့ကြောင့် ကရင်ပြည်နယ်နေ့ကို ခမ်းခမ်းနားနား မကျင်းပနိုင်ခဲ့သော်လည်း လာမည့် ယခုနှစ် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အား စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စစ်ကောင်စီက စီစဉ်နေကြောင်း ဖားအံမြို့ခံများက ပြောသည်။

ယခုလက်ရှိအချိန်တွင် ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်သူများအနေဖြင့် ကုန်ဈေးနှုန်းမြင့် မား လာပြီး စားဝတ်နေရေးအတွက် ခက်ခဲနေချိန်တွင် ကရင်ပြည်နယ်ရှိ အာဏာပိုင်များသည် ဒေသခံပြည်သူ များကို အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးကောက်ခံသည့် အစဉ်အလာရှိနေဆဲဟု ဒေသခံလူငယ်တစ်ဦးက ကေအိုင်စီသို့ပြောသည်။

၎င်းက “ ငွေကြေးကောက်ခံတာတွေကတော့ ကျနော် ကရင်ပြည်သူတစ်ဦးအနေနဲ့တော့ ထုံးစံအတိုင်းဖြစ် နေဖြစ်နေပါပြီး၊ အလှူပွဲအတွက် ထည့်လိုက်ရပါပြီး၊ ရွာလမ်းပြန်ပြင်ဖို့လား ဘာလားထည့်လိုက်ပြန်ပြီး၊ ဘုန်းကြီး မွေးနေ့လား၊ ဘာလား ထည့်လိုက်ရပြန်ပြီး၊ အများကထည့်တော့လည်း ကိုယ်လည်း မထည့်ရင် ဘယ်ကောင်း ပါ့မလဲ၊ ပုံမှန်အတိုင်းဆို ကိစ္စမရှိဘူးလေ၊ အခုလို ခက်ခဲတဲ့ အချိန်မှာတော့ မဖြစ်သင့်ဘူး” ဟုပြောသည်။

လွန်ခဲ့သည့် ၁၉၅၆ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ (၂၅)ရက်‌နေ့တွင် ကရင်ပြည်နယ်ကောင်စီမှကျင်းပ‌သော ကရင်ပြည်နယ် ကောင်စီညီလာခံတွင် နိုဝင်ဘာလ (၇)ရက်‌နေ့ကို ကရင်ပြည်နယ်‌နေ့အဖြစ် သတ်မှတ်ခဲ့‌သည်။

ပြည်နယ်‌ကောင်စီသည် ကရင်ပြည်နယ်ကို ၁၉၅၄ ခုနှစ်၊ ဇွန်လ ၁ရက်‌မှ ၁၉၆၂ခုနှစ်၊ မတ်လ (၁)ရက်‌နေ့အထိ အုပ်ချုပ်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ (၂)ရက်‌နေ့တွင် ‌တော်လှန်‌ရေး‌ကောင်စီတက်လာသည့်အခါ ပြည်နယ်‌ ကောင်စီကို ဖျက်သိမ်း ၍ ကရင်ပြည်နယ်ဦးစီးအဖွဲ့ကို ဖွဲ့စည်းတာဝန်‌ပေးအပ်ခဲ့သည်။

ယခုနှစ်လာမည့် (၆၇)ကြိမ်မြောက် ကရင်ပြည်နယ်နေ့သည် ပုံမှန်ကျင်းပမြဲဖြစ်သည့် ဖားအံမြို့အမှတ်(၆) ရပ်ကွက်ရှိ သီရိကွင်းတွင် ကျင်းပမည်ဖြစ်သည်။

ထို့နေရာတွင် အရင်နှစ်များထက် လုံခြုံရေးအပြည့်ချထားမည်ဖြစ်ပြီး အဝင်အထွက်လမ်းများကိုလည်း စောင့်ကြပ်အထူးစောင့်ကြပ်မည့်အပြင် ပတ်ပတ်လည်ဝင်ထွက်မရအောင်ပိတ်ထားမည်ဟု ဖားအံမြို့ခံများထံမှ သိရှိရသည်။