စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့ရှိ စစ်ကောင်စီတပ်စခန်းပေါ်သို့ ဒရုန်းယာဉ်တစ်စင်း ပျံသန်းသည်ဟုဆိုကာ စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ပြီးနောက် အနီးအနားရှိ အရပ်သား(၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
ဖားအံမြို့ အမှတ်(၉)ရပ်ကွက် သိမ်တော်ကြီးအနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ တပ်မ (၂၂) လက်အောက်ခံ ခြေမြန်တပ်ရင်း (၁၅၁) လက်နက်ပြင်သည့်တပ်ပေါ်သို့ စက်တင်ဘာလ (၁၃)ရက်ည ၈နာရီအချိန်တွင် ဒရုန်းယာဉ်တစ်စင်းပျံသန်းနေသည်ဟုဆိုကာ စစ်ကောင်စီတပ်က သေနတ်အချက်ရေ (၂၀)ခန့် လိုက်လံပစ်ခတ်ပြီးနောက် အနီးအနားရှိ အရပ်သား(၂)ဦးကို စစ်တပ်ဝန်းထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ည (၈း၁၀)မိနစ်လောက်က သူတို့ စစ်တပ်ကို ဒရုန်းလာပစ်တယ်ဆိုပြီး သေနတ်နဲ့လိုက်ပစ်နေတာ။ အချက်(၂၀) လောက်ရှိမယ်။ အဲ့ဒီဒရုန်းကို ပစ်တဲ့စစ်တပ်က (၁၅၁)တပ်ရင်း၊ တပ်မ(၂၂)လက်အောက်ခံပဲ။ လက်နက်ပြင်တဲ့တပ်ပေါ့။ သူတို့ကို ဒရုန်းနဲ့ချောင်းနေတဲ့ဟာကို သူတို့က သိတဲ့အတွက်ကြောင့်မို့လို့ ကင်းပုန်းတွေနဲ့ချထားတာ။ အရက်သမားဦးလေးက အဲ့ဒီနားမှာ သေးပေါက်တာ အဲ့ဒီဦးလေးကိုလည်းဖမ်းသွားတယ်။ နောက်ကောင်လေးတစ်ယောက်က သူ့လက်ထဲမှာ အမေစုပုံတက်တူးထိုးထားလို့ဆိုပြီး ဖမ်းသွားတာ (၂) ယောက်ပေါ့။”ဟု ပြောသည်။
၎င်းဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နှင့်တပြိုင်နက် ထိုနေ့ည ၁၀နာရီအချိန်တွင်လည်း ဖားအံမြို့ကမ်းနားလမ်းညစျေးအနီးတွင် အသံမိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်များက ၎င်းလမ်းမကြီးနှင့်ရပ်ကွက်များထဲတွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်ဟု မြို့ခံများ၏ ပြောစကားအရ သိရသည်။
စစ်ကောင်စီအာဏာသိမ်းမှု(၂)နှစ်ခန့်ကြာမြင့်လာပြီးနောက် ဖားအံမြို့နယ်တွင် အစစ်အဆေးတင်းကြပ်မှုများ ပိုမိုများပြားလာပြီး မကြာခဏဆိုသလို နေရာအနှံ့၌ သေနတ်ပစ်ခတ်သံများ၊ ဗုံးပေါက်ကွဲမှုများ ထွက်ပေါ်လျက်ရှိသည့်အတွက် စိုးရိမ်ထိတ်လန့်မှုများဖြင့် သွားလာလှုပ်ရှားနေကြရသည်ဟု မြို့ခံများမှာ ပြောဆိုကြသည်။



















