Home သတင်း စစ်ကောင်စီက မုန်းမြို့နယ်ရှိ ကျေးရွာ(၃)ရွာကို အဓမ္မ္မပြောင်းရွှေ့ခိုင်း

စစ်ကောင်စီက မုန်းမြို့နယ်ရှိ ကျေးရွာ(၃)ရွာကို အဓမ္မ္မပြောင်းရွှေ့ခိုင်း

1583
Photo: CJ

စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)၊ မုန်းမြို့နယ်ရှိ ကျေးရွာ(၃)ရွာကို စစ်ကောင်စီတပ်က အတင်းအဓမ္မပြောင်းရွှေ့ထွက်ခွါခိုင်းသည့်အတွက် ဒေသခံရွာသားများ ပြောင်းရွှေ့ပေးကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၁၁) ရက်နေ့က ၎င်းနယ်မြေအတွင်း ဝင်ရောက်တပ်စွဲသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးဇေယျာလင်းက ကျေးရွာရပ်မိရပ်ဖများကို ခေါ်ယူ၍ တမာခေါနှင့် တောင်စုရွာဒေသခံများကို အတင်းအဓမ္မပြောင်းရွှေ့ခိုင်းသလိုစက်တင်ဘာလ (၁၃)ရက်နေ့တွင်လည်း နောင်ကုန်းရွာရှိ ဒေသခံများကိုလည်း ပြောင်းရွှေ့ခိုင်းသည့်အတွက် ဒေသခံများပြောင်းရွှေ့ပေးလိုက်ရသည်ဟု ညောင်လေးပင်ခရိုင် ဒေသခံ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ဘာကြောင့် ပြောင်းတာလဲတော့ မသိဘူး။ ၁၁ ရက်နေ့ ပြောင်းခိုင်းတော့ ဒေသခံတွေက ၁၂ ရက်နေ့မှာ ပြောင်းကုန်တယ်။ ပြီးတော့ မနေ့ညနေတုန်းကလည်း နောင်ကုန်းရွာထဲကို ဝင်ပြီးတော့ အကုန်လုံး မောင်းထုတ်တာ။ ဒီဘက်ခြမ်းလမ်းပိတ်ပြီး ကားလမ်းပေါ်ဘက်ကို သွားခိုင်းတယ်။ လူထုတွေကျောက်ကြီးဘက်ကို သွားရှောင်ခိုင်းတယ်။ ပြီးတော့ ကျောက်ကြီးအဝင် ဆိပ်ကြီးမှာလည်း ပါသမျှဖုန်းကို စစ်ဆေးပြီး အကုန်လုံးယူထားခဲ့တာ။ ” ဟု ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီတပ်၏ ခြိမ်းခြောက်မှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ (၁၂)ရက်နေ့တွင် တမာခေါရွာမှ ဒေသခံများမှာ ရွာလုံးကျွတ်ပြောင်းရွှေ့နေကြရပြီး တောင်စုကျေးရွာကိုမူ ကေအဲန်ယူ မုန်းမြို့နယ်တာဝန်ရှိသူများမှ မိမိရွာထဲကိုသာ နေထိုင်စေသောကြောင့် ဒေသခံအချို့မှာ မပြောင်းရွှေ့ဘဲ ရွာတွင်နေထိုင်ကြဆဲဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

တမာခေါရွာမှ ပြောင်းရွှေ့လိုက်ကြရသည့် ဒေသခံများသည် အိမ်ထောင်စု (၆၁)စုနှင့် လူဦးရေ (၃၃၄)ဦးရှိပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နိုဘိုးခီးကျေးရွာနှင့် အနီးအနားရွာများဘက်တွင် သွားရောက် ရွှေ့ပြောင်းနေထိုင်ကြရသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ် ပြောင်းရွှေ့ခိုင်းသည့် နောင်ကုန်းရွာသည် ပြီးခဲ့သည့် ဩဂုတ်လကတည်းက ရွာသားများ ပြောင်းရွှေ့ထားပြီဖြစ်ပြီး ရွာသားအချို့မှာ စားဝတ်နေရေးအတွက် ကျေးရွာကို ပြန်လာနေထိုင်ရာတွင် ယမန်နေ့ စက်တင်ဘာလ ၁၃ရက်၊ ညနေ ၃နာရီဝန်းကျင်ခန့် စစ်ကောင်စီအင်အား၂၀ ခန့်က ကျေးရွာထဲ ဝင်လာ၍ ပြန်လာနေထိုင်သည့် ဒေသခံများကို ထပ်မံပြောင်းရွှေ့ထွက်ခွာခိုင်းခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် မုန်းမြို့နယ်အတွင်းရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံလူထုအချို့သည် ကျေးရွာအတွင်း စစ်ကောင်စီတပ် လှုပ်ရှားမှု မရှိသည့်အချိန်တွင် ရွာပြန်၍ အိမ်မွေးတိရိစ္ဆာန်များကို အစာပြန်ကျွေးသူများရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ရက်နေ့တွင်လည်း ရွာထဲကို ပြန်လာသည့် စစ်ရှောင်တစ်ဦး စစ်ကောင်စီ တပ်နှင့်ထိပ်တိုက်တွေ့ဆုံကာ ပစ်သတ်ခြင်းခံခဲ့ရသေးသည်ဟု ဒေသခံ ကရင်လူမှုရေးရာအဖွဲ့ထံမှ သိရသည်။

ထို့အပြင် စက်တင်ဘာလ (၉)ရက်နေ့တွင်လည်း ကျောက်ကြီးမြို့နယ်တွင် ကေအဲန်ယူ တပ်မဟာ(၅)မှ ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၃)ကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကျေးရွာ(၉)ရွာမှ ဒေသခံ ၁၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ကေအဲန်ယူက စက်တင်ဘာလ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေထဲတွင် စစ်ကောင်စီတပ် အာဏာမသိမ်းခင်အချိန်က ဒေသအတွင်း စစ်ရှောင်(၆,၀၀၀)ကျော်ရှိခဲ့ရာမှ စစ်တပ်အာဏာသိမ်းပြီးအချိန်မှ စတင်၍ ၂၀၂၂ခုနှစ် ဩဂုတ်လအထိ စစ်ရှောင် ဦးရေ ၈၀,၀၀၀ (ရှစ်သောင်း)ကျော်ရှိလာကာ စစ်ရှောင်ပြည်သူများ တစ်နေ့တခြားများလာသည့်အတွက် လူသားချင်းစာနာမှု အကူအညီအများလိုအပ်လျက်ရှိသည်ဟု ဒေသတွင်းစစ်ရှောင်ကူညီသူများက ပြောသည်။