Home သတင်း အုပ်စုဖွဲ့လုယက်တိုက်ခိုက်မှုများလာသည့်အပေါ် စစ်ကောင်စီက တာဝန်ယူတုံ့ပြန်မှုမရှိ၍ ပြည်သူများစိတ်ပျက်

အုပ်စုဖွဲ့လုယက်တိုက်ခိုက်မှုများလာသည့်အပေါ် စစ်ကောင်စီက တာဝန်ယူတုံ့ပြန်မှုမရှိ၍ ပြည်သူများစိတ်ပျက်

973
Photo: CJ

စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင်းနှင့် အနီးဝန်းကျင်ရှိ လူသွားလူလာ ပြတ်တောက်သည့် လမ်းများတွင် မူးယစ် ဆေးဝါး ဖမ်းဆီးသူများအသွင်ယူ၍ ခရီးသွားပြည်သူများအပေါ် အနုကြမ်းစီး လုယက်တိုက်ခိုက်မှုများ ယခု ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားနေသော်လည်း စစ်ကောင်စီဘက်က တာဝန်ယူ တုံ့ပြန်ပေးမှုမရှိသည့်အပေါ် စိတ်ပျက်မိကြောင်း မြို့ခံလူထုများက ပြောသည်။

ယခုရက်ပိုင်း ဖားအံမြို့တွင်း ရပ်ကွက်များတွင် ဆိုင်ကယ်ဖြင့် သွားလာသူများကို နောက်ယောင်ခံလိုက်၍ မီးပွိုင့်ယာဉ်ရပ်နားချိန်များတွင် လုယက်မှုများနှင့် မြို့ပြင် လူသွားလူလာပြတ်တောက်သည့် နောင်လုံ တောင်ကြား လမ်းပေါ်တွင်လည်း အမည်းရောင် ယူနီဖောင်းဝတ်ဆင်သူများက ယာဉ်သွားယာဉ်လာများကို ရပ်နား၍ အနုကြမ်း စီးမှုများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း မြို့ပေါ် လုံခြုံရေးရယူထားသည့် စစ်ကောင်စီအနေဖြင့် တစ်စုံတရာ တာဝန်ယူ တုံ့ပြန်မှုများမရှိကြောင်း မြို့ခံလူငယ်တစ်ဦးက ယခုလိုပြောသည်။

“အခု ဖြစ်စဉ်တွေက ရက်သိပ်မခြားဘူး။ တစ်ပတ်နှစ်ပတ်အတွင်းမှာကို ၃ ကြိမ် ၄ ကြိမ်လောက်ဖြစ်နေတာ။ ဖြစ်တဲ့ ဖြစ်စဉ်တစ်လျှောက်ကို ကြည့်ရင် အဲ့ဒီလူ ၄ ယောက် ၅ယောက်ပဲ။ အဲ့တစ်ဖွဲ့ပဲ လုပ်နေတယ်လို့ ယူဆ ရတယ်။ ဖြစ်နေတဲ့အပေါ်မှာ စကစဘက်က သူ့လူနဲ့သူတောင် လုံခြုံရေးက မလောက်ဘူး။ ပြည်သူအတွက် ဆိုရင်တော့ ပိုဆိုးပြီပေါ့။ “ ဟု ထိုလူငယ်က ကေအိုင်စီ သို့ ပြောသည်။

ယခုလ ၆ ရက်နေ့တွင် ဖားအံမြို့တောင်ကြားလမ်းတွင် ကားအစီးလိုက် အနုကြမ်းစီးလုယက်မှု ဖြစ်ပေါ်ခဲ့ပြီး မကြာမီ ရက်ပိုင်အတွင်း အဆိုပါ လမ်းအနီးဝန်းကျင်တွင် ခရီးသွားပြည်သူတစ်ဦးထံမှ ငွေကြေးကျပ်သိန်းရာနှင့်ချီ ထပ်မံလုယက်ခံရသည်။ ထို့အပြင် ဖားအံမြို့တွင်း၌လည်း ဖုန်းလုယက်မှုများ မကြာခဏဖြစ်နေပြီး တခြားသော မြို့ အနီးဝန်းကျင်ရှိ ကျေးရွာများတွင် ဆိုင်ကယ်ခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ၎င်းလူငယ်က ဆက် ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ဖားအံမြို့အနားရှိ အိန္ဒုကျေးရွာဘက်ခြမ်းရှိ ကော့သာခေါင်ကျေးရွာတွင် အလားတူ ဆိုင်ကယ်ခိုးမှုတစ်ခု ဖြစ်ပွားရာ ခိုးယူသူကို ကျေးရွာသားများက ဖမ်းဆီးရမိသော်လည်း စစ်ကောင်စီခန့် ကျေးရွာလူကြီးမှ အာမခံငွေကြေး သိန်း ၅၀ ဖြင့် ပြန်လည်လွှတ်ပေးလိုက်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများအနေဖြင့် စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် အယုံအကြည်မရှိကြတော့ဘဲ မိမိဒေသလုံခြုံရေးအတွက် မိမိသာ တာဝန်ယူနေကြရကြောင်းလည်း နောက်ထပ်ဖားအံမြို့ခံတစ်ဦးက ပြောသည်။

၎င်းက “ရွာတွေဘက်ကိုသွားရင် သူတို့ပြောကြတာက ဒီခိုးတာတွေ လုတာတွေကို သူတို့ဖမ်းမိတာ သူတို့ ရဲလက်ထဲအပ်တယ်။ ရဲလက်အပ်လည်း ပြန်လွှတ်မှာပဲ၊ သူတို့တွေက တစ်ဖွဲ့တည်း ဖြစ်နေမှာပဲဆိုပြီးတော့ ပြည်သူတွေက အဲ့လိုပဲ မြင်နေကြတော့တယ်။ သူတို့(စကစ)အပေါ် ထားတဲ့ယုံကြည်ချက်တွေ အရမ်းကို နည်းလာကြတယ်။ ကိုယ့်ကိုယ်ကိုပဲ သတိထားရဖို့ပဲ ပြောနေကြတယ်။ ဒီအဖွဲ့အစည်းတွေကို အားကိုးရ မယ်ဆိုတာထက် ကိုယ့်ရွာရဲ့လုံခြုံရေးနဲ့ကိုယ်၊ ကိုယ့်လုံခြုံရေးနဲ့ကိုယ်ပဲ အထူးဂရုစိုက်ရမယ် အဲ့လိုပဲ ပြောသံကြားတယ်။” ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့် လက်ရှိဒေသတွင်းဖြစ်ပေါ်နေသည့် ခိုးဆိုးလုယက်မှုများအပေါ် တာဝန်ယူဖြေရှင်းရန် ပျက်ကွက်နေသော်လည်း ၎င်းတို့အပေါ် ဆန့်ကျင်ကြသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုသာ အဓိက အာရုံစိုက်လုပ်ဆောင်နေသည်ကို တွေ့ရကြောင်းလည်း အဆိုပါ ဖားအံမြို့ခံက ဆက်ပြောသည်။

အလားတူ ဒေသတွင်းလူငယ်များအကြားတွင်လည်း မူးယစ်ဆေးဝါး သုံးစွဲလာမှု ပိုတိုးလာမှုကြောင့် ဒုစရိုက်မှု ဆန်ဆန်ဖြစ်စဉ်များပြားလာခြင်းဖြစ်သလို နိုင်ငံရေးအပေါ် စိတ်ပါဝင်စားမှုမရှိစေရန် လူငယ်များအပေါ် စနစ်တကျ ပစ်မှတ်ထားရည်ရွယ်လုပ်ဆောင်သည့် အခြားသော လုပ်ဆောင်မှုများလည်း စစ်ကောင်စီနှင့် ၎င်း၏ လက် အောက်ခံ အဖွဲ့အစည်းအဖွဲ့ဝင်များက လုပ်ဆောင်နေကြောင်း မြို့ခံ လူထုအချို့က ရှုမြင်ကြသည်။

စစ်အာဏာသိမ်းမှု နောက်ပိုင်းကာလများတွင် ယခုလိုလုယက်မှုများ၊ အုပ်စုဖွဲ့ အနုကြမ်းစီးမှုများ၊ ဓါးပြ တိုက်မှုများသည် ကရင်ပြည်နယ်အပြင် အခြားသော တိုင်းနှင့် ပြည်နယ်ဒေသအများစုတွင်လည်း နေ့စဉ် ဆိုသလို ဖြစ်ပွားနေသည်။ ထိုအခြေအနေများကြောင့် တိုင်းပြည်အတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား ပြိုပျက်စပြုနေပြီး တရားဥပဒေ စိုးမိုးမှုမရှိတော့ကြောင်းကို ပြသနေကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုမှုများ ရှိသည်။