Home သတင်း KNU နယ်မြေ လပေါင်း ၂၀ ကြာ တိုက်ပွဲများအတွင်း အရပ်သား ၁၀၀ ကျော်သေဆုံး၊ ၃ သိန်းကျော် တိမ်းရှောင်နေရ

KNU နယ်မြေ လပေါင်း ၂၀ ကြာ တိုက်ပွဲများအတွင်း အရပ်သား ၁၀၀ ကျော်သေဆုံး၊ ၃ သိန်းကျော် တိမ်းရှောင်နေရ

693

စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၂ခုနှစ်။ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း ပြီးခဲ့သည့် နှစ် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလမှစ၍ ယခုနှစ် ဩဂုတ်လအထိ လပေါင်း ၂၀ အတွင်း ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် အရပ်သား ၁၀၀ ကျော်သေဆုံးခဲ့ပြီး ၃ သိန်းကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ယနေ့ ထုတ်ပြန်သည့် KNU ၏ တိုက်ပွဲပေါင်းချုပ် စာရင်းများအရ သိရသည်။

စစ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အာဏာသိမ်းပြီးနောက် ယခုနှစ် ဩဂုတ်လအတွင်း ကေအဲန်ယူ လက်အောက်ခံ တပ်ဖွဲ့နှင့်စစ်ကောင်စီ၊ BGF တပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၆,၃၅၆ ကြိမ်အတွင်း အရပ်သား ၁၃၁ဦးသေဆုံးခဲ့ပြီး ၂၉၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကာ (၃၇၁,၉၅၈) ဦးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ကေအဲန်ယူ၏ စာရင်းတွင် အသေးစိတ်ဖော်ပြ ထားသည်။

ထို့အပြင် နှစ်ဖက်တိုက်ပွဲပေါင်း ခြောက်ထောင်ကျော်ဖြစ်ပွားရာ၌ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်ဘက်မှ အထိ အခိုက်အကျအဆုံးများခဲ့ပြီး ဖော်ပြပါစာရင်းအရ ၅,၁၂၅ ဦးသေဆုံးပြီး၊ ၄,၁၄၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ အတူ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်တွင်လည်း ၁၃၇ဦး ကျဆုံးပြီး ၃၅၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။

လပေါင်း ၂၀ ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ KNU တပ်စခန်းများအပြင် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ လက်နက်ကြီးအလုံးပေါင်း ၄,၄၅၆ လုံးပစ်ခတ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုပေါင်း ၁၁၇ ကြိမ်ပြုလုပ်ခဲ့ကာ အပြစ်မဲ့ အရပ်သားပြည်သူ ၄၁၂ ဦးကိုလည်း မတရား ဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်ခဲ့သေးသည်ဟု KNU က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ ၆ ခုခန့်တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး ကေအဲန်ယူ တပ်မဟာ (၁)၊ တပ်မဟာ(၃)၊ တပ်မဟာ (၅) နှင့် တပ်မဟာ (၆) နယ်မြေများတွင် တိုက်ပွဲ ပိုမိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ အခြေစိုက်စခန်းပေါင်း (၉)ခုကိုလည်း ကေအဲန်ယူ လက်အောက်ခံ တပ်ဖွဲ့များက သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။