Home သတင်း စစ်ကောင်စီတပ်မှတံခွန်တိုင်ရွာထဲသို့ လက်နက်ကြီးလှမ်းပစ်သည့်အတွက် လူနေအိမ် ၅ လုံး ထိမှန်ပျက်စီး

စစ်ကောင်စီတပ်မှတံခွန်တိုင်ရွာထဲသို့ လက်နက်ကြီးလှမ်းပစ်သည့်အတွက် လူနေအိမ် ၅ လုံး ထိမှန်ပျက်စီး

1093
Photo: CJ

ဇူလိုင် ၂၈ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ ခလယ်-တံခွန်တိုင်တိုက်နယ် ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် -BGF အမှတ်(၁ဝ၂၁) တပ်ရင်းတို့သည် ဇူလိုင် ၂၆ ရက်နေ့တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးလှမ်းပစ်ခတ်သည့်အတွက် လူနေအိမ် ၅လုံး ကျည်ထိမှန် ပျက် စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ရဲစခန်းဝင်းအတွင်း နေထိုင်သည့် စစ်ကောင်စီပူးပေါင်းတပ်တို့သည် ယခုလ ဇူလိုင်လ ၂ဝ ရက်နေ့နောက်ပိုင်းတွင် တံခွန်တိုင်၊ ခလယ်ရွာအတွင်းသို့ စစ်ဆင်ရေးအသွင်ဖြင့် မကြာခဏ ဝင်ရောက်လေ့ရှိပြီး ခရီးသွားလာသူများနှင့် ဒေသခံ များအား စစ်ဆေးမေးမြန်းခြင်းနှင့် အသက်အန္တရာယ်များပါ ခြိမ်းခြောက်ပြုမူခြင်း များပြုလုပ်လာသည့်အပြင် ကျေးရွာထဲသို့လည်း မကြာခဏဆိုသလို လက်နက်ကြီး လှမ်းပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု စစ်ရှောင်ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဝင်းရော်ဒေသခံစစ်ရှောင်တစ်ဦးက “ဇူလိုင် ၂၆ ရက် နေ့လည် ၁၂ နာရီလောက်မှာ တံခွန်တိုင်ရွာထဲကို စစ်တပ်က လက်နက်ကြီး ၄ လုံးလှမ်းပစ်တော့ ကျွန်းတောဘက်က နေအိမ်တစ်လုံး ရွာအောက်ပိုင်းက ထိမှန်တဲ့နေအိမ်တွေပါဆို ၅ လုံးလောက်ရှိတယ်။ ဘယ်သူမှလာပစ်တာလဲ မရှိဘူး။ ရွာထဲကို အမြဲရမ်းသမ်းလှမ်းပစ်လေ့ရှိတော့ ဘယ်သူမှ နေအိမ်မပြန်ရဲကြဘူးပေါ့နော်” ဟု ဇူလိုင် ၂၇ ရက်နေ့ ကေအိုင်စီ သို့ပြောသည်။

ခလယ်-တံခွန်တိုင်တိုက်နယ် ရဲစခန်းအနီးဝန်းကျင်ရှိ နေထိုင်သည့် ဒေသခံအများစုမှာ ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်ထိ နေအိမ်မပြန်နိုင်ကြသေးပေ။ စစ်ကောင်စီတပ်မှ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လာသည့်အတွက် ဒေသခံလူထု၏ လယ်၊ ယာ၊ ဥယျာဉ်ခြံများ လည်း မလုပ်ကိုင်နိုင်ကြသေးသည့်အတွက် စားဝတ်နေရေး ခက်ခဲလာသည်ဟု ရွာသားများက ပြောသည်။

ရဲစခန်းရှေ့ အများပြည်သူသွားလာသည့် ဝင်းရော်လမ်းမကြီးတွင် ဖြတ်သန်းသွားသည့် ဒေသခံများအား စစ်ကောင်စီတပ်မှ စစ်ဆေးဖမ်းဆီးရိုက်နှက်ခြင်း၊ ဖမ်းဆီးစစ်ဆေးခံရသည့် ရွာသားများကိုလည်း တစ်ဦးလျှင် ဒဏ်ငွေ ၅ဝ,ဝဝဝ ကျပ်စီပေးဆောင်ပြီးမှသာ ပြန်လွတ်ပေးသည်ဟု ရွာသားများက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်တို့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နန်းသိုင်းထွန်ရွာ မှ အမျိုးသမီးတစ်ဦး၊ တံခွန်တိုင်ရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရပြီး ဒေသခံ အရပ်သား ၁ဝ ဦးထက်မနည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

Photo: CJ