Home သတင်း ပြည်ထောင်စုနေ့အခမ်းအနား ပြုလုပ်ချိန် နိုင်ငံတဝှမ်း အင်တာနက်လိုင်းများ ဖြတ်တောက်ထား

ပြည်ထောင်စုနေ့အခမ်းအနား ပြုလုပ်ချိန် နိုင်ငံတဝှမ်း အင်တာနက်လိုင်းများ ဖြတ်တောက်ထား

928

ဖေဖော်ဝါရီ ၁၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ယနေ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၅) နှစ်ပြည့် စိန်ရတု အထိမ်းအမှတ် ပြည်ထောင်စုနေ့ အခမ်းအနားပြုချိန် စစ်ကောင်စီအမိန့် ဖြင့် နိုင်ငံတဝှမ်း ဖုန်းအော်ပရေတာမှ အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်း သိရသည်။

“ဒီနေ့ မနက်ပိုင်းက ပုံမှန်အခြေအနေပဲ ထင်လို့ Facebook သုံးဖို့ လိုင်းဖွင့်ကြည့်တာ ဖွင့်လို့မရဘူး။ ဒါနဲ့ အခြားမြို့က အသိမိတ်ဆွေတွေဆီ လှမ်းမေးကြည့်တော့ သူတို့ ဆီမှာလည်း ဖုန်းအင်တာနက်လိုင်းတွေ ဖြတ်ထားကြောင်းလှမ်းပြောကြတယ်” ဟု မြဝတီမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

အင်တာနက်လိုင်းများ ဖြတ်တောက်ထားရန် ယမန်နေ့ ညပိုင်းကတည်းက စစ်ကောင်စီမှ အမိန့်ပေးထားကြောင်း ဖုန်းအော်ပရေတာ ကုမ္ပဏီများက လူမှုကွန်ယက်ပေါ်တွင် ပြည်သူများအား အသိပေး ဖြန့်ဝေလျက်ရှိသည်။

ထိုသို့ အင်တာနက်လိုင်းများ ဖြတ်တောက်ထားမှုနှင့်ပတ်သက်၍ မြဝတီမြို့ခံတစ်ဦးက “အာဏာရှင် ဆိုတာကတော့ စိတ်ထင်သလို လုပ်တာပါပဲ။ ဒီလို နိုင်ငံအတွက် အရေးပါတဲ့ နေ့မှာတောင် အမှတ်တရဖြစ်အောင် တစ်နိုင်ငံလုံး အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခိုင်းတယ်ဆိုတာက သူတို့ရဲ့ သမိုင်းဆိုးကို ထပ်ပြီး မည်းညစ်အောင် လုပ်လိုက်တာပဲ” ဟု ပြောသည်။

စစ်ကောင်စီ၏ ဖြန့်ဝေစာတွင် ဖေဖော်ဝါရီလ ၁၂ရက်နေ့ နံနက် ၄ နာရီ မှ ည ၁၁ နာရီထိ ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်သွားရန်ရှိကြောင်း သိရသည်။