
ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေထဲတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်ကောင်စီ တပ်ဘက်မှ လေကြောင်းတိုက် ခိုက်မှုအပြင် ကျေးရွာအတွင်း လက်နက်ကြီးနှင့်ပစ်ခတ်မှုများကြောင့် ဒေသခံ အရပ်သားပြည်သူ ၁၂ ဦးအသက်သေဆုံးရပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ယနေ့ သတင်းထုတ်ပြန်ထားသည်။
ကေအဲန်ယူ မူတြော်ခရိုင်နှင့် ဒူးပလာယာခရိုင်ထဲတွင် စစ်ကောင်စီမှ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုအပြင် သထုံခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် ဘိတ်-ထားဝယ်ခရိုင်တို့တွင် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်တို့မှ စစ်ရေးလှုပ်ရှားမှုနှင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ၇၀၀၀၀ (ခုနှစ်သောင်း)ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ကေအဲန်ယူ သတင်းနှင့် ပြန်ကြားရေးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာအချို့နှင့် လုပ်ငန်းခွင်များထဲသို့ စစ်ကောင်စီနှင့် BGF ပူးပေါင်း တပ်တို့မှ လက်နက်ကြီးနှင့် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟုလည်း KNU ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတစ်လအတွင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲတွင် စစ်ကောင်စီ၊ (BGF) ပူးပေါင်းတပ်ဖွဲ့ နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တို့အကြား ထိတွေ့ပစ်ခတ်မှုပေါင်း (၄၃၅) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့ဘက်မှ (၃၉၉)ဦး ကျဆုံးပြီး (၃၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့အတူ နယ်မြေခံ KNLA နှင့် KNDO တပ်ဖွဲ့ဘက်တွင်လည်း တစ်လအတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့ပစ်ခတ်မှုတွင် (၇) ဦးကျဆုံးပြီး (၂၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း ကေအဲန်ယူ ထုတ်ပြန်ထားချက်အရ သိရသည်။


















