Home သတင်း ထိုင်းသို့ MOU ဖြင့် လူပို့မည့်ကိစ္စတိကျသည့် လုပ်ငန်းလမ်းညွှန်မှု မရှိသေးဟု ဆို

ထိုင်းသို့ MOU ဖြင့် လူပို့မည့်ကိစ္စတိကျသည့် လုပ်ငန်းလမ်းညွှန်မှု မရှိသေးဟု ဆို

1176

ဖေဖော်ဝါရီ ၈ ရက် ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူစာချုပ်-MOU စနစ်ဖြင့် မြန်မာလုပ်သား ပို့ဆောင်မည့်ကိစ္စနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအပေါ် တိကျသည့် လုပ်ငန်းလမ်းညွှန်မှု မရှိသေးကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်က လုပ်သားလိုအပ်ချက်အရ အိမ်နီးချင်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သား နှစ်သိန်းဝန်းကျင်ခန့်ကို MOU စနစ်ဖြင့် ခေါ်ယူရန် ထိုင်းဘက်ခြမ်း သတင်းဌာနများတွင် ဖော်ပြလျက် ရှိသည်။

ထိုသို့ ရွှေ့ပြောင်းလုပ်သားများ ခေါ်ယူနိုင်ရေးအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ (ဒမန်း)လူခေါ်စာ တင်ခွင့်ပြုထားသည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအသိုင်းအဝိုင်းက ပြောသည်။

လက်ရှိ ထိုင်းအလုပ်သမားရုံးများတွင် (ဒမန်း) လူခေါ်စာ တင်ခွင့်ပြု ထားသော်လည်း မြန်မာအလုပ်သမား ဝန်ကြီးဌာနဘက်က အေဂျင်စီများအပေါ် တိကျသည့်လုပ်ငန်းလမ်းညွှန်မှုများမရှိသည့်အတွက် နောက်တဆင့် သံရုံးတင်မည့်ကိစ္စများ ဆက်လုပ်၍ မရသေးကြောင်း မြဝတီမြို့အခြေစိုက် ရွှေ့ပြောင်းလုပ်သားအရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (MMG) ဥက္ကဋ္ဌ ဦးအောင်မြတ်က ပြောသည်။

ဦးအောင်မြတ်က “ထိုင်းသို့ MOU စနစ်ဖြင့် လုပ်သား ပို့ဆောင်ရေးကိစ္စက လက်ရှိ အနေအထားအရ ဆွေးနွေး ညှိနှိုင်းဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ ယခင်လို မြဝတီနယ်စပ်ကတဆင့် ပို့မှာလား၊ ဒါမှမဟုတ် ရန်ကုန်ကနေ လေကြောင်းလိုင်းနဲ့ ပို့မှာလား ဒါတွေကအစ ဝန်ကြီးဌာနနဲ့ အေဂျင်စီများအကြား ဆုံးဖြတ်ချက် မချရသေး ဘူးလေ။ ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းဘက်မှာ Quarantine ထားမယ့်ကိစ္စနဲ့ လုပ်သားပို့ ဆောင်ရေးမှာ အထွေထွေကုန်ကျစရိတ် ဒါတွေက ဆွေးနွေးဆဲအဆင့်မှာပဲရှိသေးတယ်။ တိကျတဲ့ အဖြေမထွက်သေးဘူး” ဟု ပြောသည်။

ထိုသို့ ထိုင်းသို့ MOU ဖြင့် လူပို့မည့်ကိစ္စကို ဝန်ကြီးဌာနမှ အေဂျင်စီများအပေါ် တိကျသည့် လုပ်ငန်းလမ်းညွှန်မှုများ မရှိသေးသော်လည်း ရန်ကုန်အပါအဝင် အခြားမြို့ကြီးများရှိ နိုင်ငံကူးလက်မှတ် (Passport ) စာအုပ်ထုတ်ပေး သည့်ရုံးတွင် အေဂျင်စီအမည်ခံ ပွဲစားတစ်ချို့က P.J အမျိုးအစား ပတ်စ်ပို့ စာအုပ်များ ထုတ်ပေးပြီး ငွေကြေး ကောက်ခံကာ ကြိုတင်လူစုဆောင်းမှုများ ရှိနေသည်ဟု သိရသည်။

“ဒီအချိန်မှာ ပတ်စ်ပို့စာအုပ် ထုတ်ပေးပြီး ငွေကြေးကောက်ခံမှု ပြုလုပ်နေတာက လိမ်မယ့်အဖွဲ့တွေ များတယ်။ တစ်ချို့ အေဂျင်စီအမည်ခံ ပွဲစားတွေကစာအုပ်ထုတ် ငွေတောင်းကာ (တရားမဝင်နယ်စပ်ဖြတ်ကျော်) အောက်လမ်းကနေလူကယ်ရီတွေနဲ့ ထိုင်းကို ပို့နေတာပါ။ တစ်ချို့ အေဂျင်စီအမည်ခံ ပွဲစားတွေကတော့ MOU အကြောင်းပြပြီး ငွေကြေးကောက်ခံပြီး ကြိုတင်လူစု ကြတာတွေလည်းရှိပါတယ်။ ဒါပေမယ့် လက်ရှိအခြေ အနေအရ ထိုင်းကို MOU နဲ့ လူပို့မယ့်ကိစ္စက ဆွေးနွေးဆဲအဆင့်မှာပဲ ရှိသေးတာ။ လုပ်ငန်းစဉ် စတင်နိုင်ဖို့ဆိုရင် လာမယ့် ဧပြီလလောက်မှ ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းထားတယ်”ဟု MMG) ဥက္ကဋ္ဌ ဦးအောင်မြတ်က သုံးသပ်ပြောဆိုသည်။

ထို့ကြောင့် ထိုင်းကိုသွားမည့် သူများအနေဖြင့် သတင်းအချက်အလက်များကို မပြတ်နားစွင့်ပြီး ယခုအချိန်တွင် မည်သည့်အစီအစဉ်မျှ မလုပ်ထားရသေးသောကြောင့် ငွေကြေးအလိမ်ခံရနိုင်ခြေများ၍ မည်သည့် အထောက် အထား စာအုပ်စာတမ်းမျှ မလုပ်ထားရန်နှင့် မည်သူတစ်ဦးတစ်ယောက်ထံမှ ငွေကြိုတင် မပေးထားကြရန် လိုအပ် ကြောင်း ထိုင်းရောက်မြန်မာရွှေ့ပြောင်း လုပ်သားအရေးဆောင်ရွက်သူများက တိုက်တွန်းနှိုးဆော်မှုများရှိနေ သည်။