Home သတင်း KNLA သိမ်းယူခဲ့သည့် BGF တပ်စခန်းရှိရာ ကြ‌သောင်းဆိပ်သို့ စစ်‌ကောင်စီတပ်များ ပြန်ဝင် ‌ရောက်လာ

KNLA သိမ်းယူခဲ့သည့် BGF တပ်စခန်းရှိရာ ကြ‌သောင်းဆိပ်သို့ စစ်‌ကောင်စီတပ်များ ပြန်ဝင် ‌ရောက်လာ

1792

ဒီဇင်ဘာ ၂၂ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ဘီးလင်းမြို့နယ်၊ ကြ‌သောင်းဆိပ်(ယိုကလား)‌ကျေးရွာရှိ BGF တပ်စခန်းတစ်ခုကို နယ်‌မြေခံ ‌ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ(၁)မှ KNLA နှင့် PDF ပူး‌ပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ယူပြီး ငါးရက်အကြာ ဒီဇင်ဘာလ ၂၁ရက်၊ ည (၇) နာရီဝန်းကျင်တွင် စစ်‌ကောင်စီတပ်က ပြန်လည်ဝင်‌ရောက်လာသည်ဟု ‌ဒေသခံများထံမှ သိရသည်။

အင်အား ၄၀‌ကျော်ရှိ အဆိုပါစစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ်ဖွဲ့ဝင်များသည် ပြန်လည်အ‌ခြေချ‌နေရာယူရန် ‌ရောက်ရှိ လာခြင်းဖြစ်နိုင်သလို ဖာပွန်ဘက်မှတဆင့် တက်‌ရောက်လာခြင်းဖြစ်‌ကြောင်း ၎င်းစစ်‌ကောင်စီတပ်ဖွဲ့ဝင်ထဲတွင် BGF တပ်သား (၃)ဦးသာပါဝင်‌ကြောင်း နယ်‌မြေခံ KNLA ဘက်က ‌ပြောသည်။

တပ်မဟာ(၁)နယ်‌မြေမှ KNLA တပ်ဖွဲ့ဝင်တစ်ဦးက “သူတို့က ပြန်လည်အ‌ခြေချဖို့ ရည်ရွယ်ချက်ရှိတယ်။ အရင် BGF အ ဖွဲ့ မဟုတ်ဘူး။ ဖာပွန်ဘက်ကလာတယ်လို့ ‌ပြောတယ်။ သူတို့ပြန်လာအ‌ခြေချရင်‌တော့ ထိ‌တွေ့ပစ်ခတ်မှု‌တွေ ရှိလာနိုင် တာ‌ပေါ့။ အခု သူတို့အင်အားက (၄၀)‌လောက်ပါတယ်။ ‌ကျေးရွာလူထု‌တွေက‌တော့ ‌နေအိမ်မှာ ပြန်လာ‌နေကြပြီး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ကြ‌သောင်းဆိပ်(ယိုကလား)ရွာသို့ ‌ရောက်ရှိလာသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှာ ‌ကျေးရွာဘုန်းကြီး‌ကျောင်း နှင့် ရွာသူရွာသားများ၏ ‌နေအိမ်များ‌အောက်တွင် တပ်စွဲ‌နေထိုင်လျှက်ရှိပြီး ယ‌နေ့မနက်တွင်လည်း ‌ဒေသခံများကို တစ် အိမ်လျှင်တစ်‌ယောက်နှုန်း‌ခေါ်ယူ၍ အစည်းအ‌ဝေးပြုလုပ်ကာ ‌မေးမြန်းမှုများရှိသည်ဟု သိရသည်။

Photo: CJ

‌ဒေသခံတစ်ဦးက “ဒီမနက်ရွာသား‌တွေကို ‌ခေါ်ပြီး ‌မေးမြန်းတာ‌တွေရှိတယ်။ သူတို့လာအ‌ခြေချတာ မဟုတ်ဘူး။ သူတို့ ကိုလာမပစ်နဲ့လို့ ‌ပြောတာရှိတယ်။ ပြီး‌တော့ ရွာမှာစာသင်‌ကျောင်းရှိလား။ ‌ကျောင်းဆရာမဘယ်‌လောက်ရှိလဲ။ ‌ကျောင်း ဖွင့်တာ ရှိလား။ အခု‌ကျောင်းဖွင့်‌သေးလား။ အဲဒါ‌တွေ‌မေးတာရှိတယ်။ ပြီး‌တော့ စခန်းနားမှာမသွားခိုင်းဘူး။ သူတို့ ဗုံး ‌တွေရှင်းမယ်လို့ ‌ပြောတာရှိတယ်။ ဒီမနက် သူတို့စခန်းမှာ သွားပြန်ရှင်းတာ ဗုံး‌ပေါက်လို့ သူတို့ထဲက တစ်‌ယောက်က ‌ခြေ‌ထောက်နည်းနည်း ထိသွားတာရှိတယ်လို့ ‌ပြောတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့ညက ကြ‌သောင်းဆိပ်သို့ ပြန်လည်‌ရောက်ရှိလာသည့် စစ်‌ကောင်စီတပ်ရင်းကို အတိအကျ မသိရ‌သေး‌သော် လည်း အဆိုပါတပ်ဖွဲ့ဝင်များသည် ‌ထော်က‌လော်ခီး(သဲဖြူ‌ချောင်း)နှင့် ‌လေး‌ခေါ်ထာ့အကြား‌ရောက်ရှိချိန်တွင် နယ်‌မြေခံ KNDO တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုတစ်ကြိမ် ဖြစ်ပွားခဲ့‌သေး‌ကြောင်း သိရသည်။

ကြ‌သောင်းဆိပ် BGF ၁၀၁၃တပ်စခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၇)ရက်‌နေ့ မနက်တွင် နယ်‌မြေခံ KNLA တပ်ရင်း (၁)နှင့် PDF ပူး‌ပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းသိမ်းချိန်တွင် KNLA တပ်ဖွဲ့ဝင် ၁ဦး ကျဆုံးခဲ့သလို BGF တပ်ဖွဲ့ဝင် (၃၀)ခန့်ကို ဖမ်းဆီးရမိခဲ့‌သော်လည်း ၎င်းတို့ကို လက်နက်နှင့်အတူ ပြန်လည်လွှတ်‌ပေးခဲ့သည့်အတွက် ‌ဝေဖန် မှုများ ရှိခဲ့သည်။

၎င်း‌နောက် စစ်‌ကောင်စီဘက်က ‌လေယာဉ်နှင့် (၃)ကြိမ်ထက်မနည်း စုံစမ်း‌ထောက်လှမ်းမှုများ ပြုလုပ်‌နေသည့်အတွက် ‌လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မည်ကို ‌ဒေသခံများက စိုးရိမ်မှုများ ရှိ‌နေကြသည်။ ကြ‌သောင်းဆိပ်‌ကျေးရွာတွင် အပစ် ခတ်ရပ်စဲ‌ရေးမတိုင်ခင်က မြန်မာစစ်တပ်များ ဝင်‌ရောက်စခန်းချခဲ့‌သော်လည်း အပစ်ရပ်ကာလတွင် နယ်ခြား‌စောင့်တပ် (BGF)များသာ စခန်းထိုင်တပ်စွဲခဲ့‌ကြောင်း သိရသည်။