Home သတင်း KNU ၏ ၁၇ကြိမ်‌မြောက် ညီလာခံကို ၂၀၂၂ နှစ်ဆန်းပိုင်းတွင် ကျင်းပရန် ဗဟိုအမြဲတမ်း‌ကော်မတီ ဆုံးဖြတ်

KNU ၏ ၁၇ကြိမ်‌မြောက် ညီလာခံကို ၂၀၂၂ နှစ်ဆန်းပိုင်းတွင် ကျင်းပရန် ဗဟိုအမြဲတမ်း‌ကော်မတီ ဆုံးဖြတ်

1784
Photo: KNU

ဒီဇင်ဘာ ၁၂ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံးက ၎င်းတို့၏ (၁၇)ကြိမ်‌မြောက် ညီလာခံ(ကွန်ဂရက်)ကို လာမည့် ၂၀၂၂ခု၊ နှစ်ဆန်း ပိုင်းတွင် ကျင်းပသွားရန် ၁၃ရက်ကြာ ပြုလုပ်ခဲ့သည့် ဗဟိုအမြဲတမ်း‌ကော်မတီ၏ အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးဆုံးဖြတ် ခဲ့ကြ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၂၂ရက်‌နေ့မှ ဒီဇင်ဘာလ ၈ရက်‌နေ့အထိ ကျင်းပခဲ့သည့် ၎င်းအစည်းအ‌ဝေးတွင် ညီလာခံကို ၂၀၂၂ခု၊ ‌ဖေ‌ဖော်ဝါရီလတွင် ပြုလုပ်သွားမည်ဟု ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း ပါဝင်တက်‌ရောက်ခဲ့ကြသည့် ဗဟို‌ကော်မတီဝင်များ၏ ‌ပြောပြချက်အရ သိရှိရသည်။

ဗဟိုအမြဲတမ်း‌ကော်မတီဝင်ဖြစ်သူ တွဲဖက်အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်းက “‌ဖေ‌ဖော်ဝါရီလလို့‌တော့ ‌ပြောထားတာပဲ။ အဓိက‌တော့ ‌ဖေ‌ဖော်ဝါရီလ ဆိုတာထက် ကိုဗစ်ကာကွယ်‌ဆေးကို အပြည့်အဝ ထိုးပြီးတဲ့အချိန်ကို ကြည့်ရမှာ‌ပေါ့။ 1st dose, 2nd dose ဘယ်‌လောက်ကြာမလဲဆိုတာ ချိန်ဆရမှာ‌ပေါ့‌နော်။ ၂၀၂၂ နှစ်ဆန်းပိုင်းလို့‌တော့ ‌ပြောရမှာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ၏ အဆိုပါ ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေးတွင် ခရိုင်နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းအစီရင်ခံစာများကို တင်ပြ‌ဆွေး‌နွေးခြင်း၊ နိုင်ငံ‌ရေးဆိုင်ရာ အစီရင်ခံစာကို ‌ဆွေး‌နွေးခြင်း၊ KNU ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြန်လည်သုံးသပ် ‌ဆွေး‌နွေးခြင်းများအပြင် အဓိကအားဖြင့် (၁၇)ကြိမ်‌မြောက် ညီလာခံကျင်းပ‌ရေးကိစ္စကို အထူး ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း လည်း ၎င်းက ယခုလို ‌ပြောသည်။

“ကွန်ဂရက်မှာတင်ပြမယ့် အစီရင်ခံစာ‌တွေရယ်၊ KNU ရဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြန်ပြီး‌တော့ သုံးသပ်တာ‌ပေါ့‌နော်။ ‌နောက် လမ်းစဉ်၊ လုပ်ငန်းစဉ်နဲ့ ‌ရှေ့လုပ်ငန်းစဉ်‌တွေ အဲဒါကို အဓိကထားပြီး‌တော့ ဗဟို‌ကော်မတီမှာ ‌ဆွေး‌နွေးကြတာ ‌ပေါ့။ ၁၇ကြိမ်‌မြောက် ကွန်ဂရက်အတွက် ပြင်ဆင်ထားဖို့‌ပေါ့။”ဟု ပဒို‌စောလှထွန်းက ‌ကေအိုင်စီသို့ ဖြည့်စွက်‌ပြောဆို သည်။

၁၉၄၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့က စတင် ဖွဲ့စည်းတည်‌ထောင်ခဲ့သည့် KNU-ကရင်အမျိုးသားအစည်းအရုံးတွင် ဌာနဆိုင်ရာ ၁၄ခုရှိခဲ့ပြီး ယခု ကျင်းပပြီးစီးခဲ့သည့် ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေးတွင် စည်းရုံး‌ရေးဌာနနှင့် မဟာမိတ်‌ရေးရာဌာနများကို ဌာနအ‌နေဖြင့် ဆက်လက် မလုပ်‌ဆောင်‌တော့ဘဲ သက်ဆိုင်ရာ လုပ်ငန်းစဉ်များအ‌နေဖြင့် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ အမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေးသို့ ‌ကော်မတီဝင်များထဲမှ ကျန်းမာ‌ရေးအရ ပျက်ကွက်သူများနှင့် ကွယ်လွန် သွားခဲ့ကြသူများလည်း ရှိခဲ့ကြသည့်အတွက် ၄၁ဦးသာ တက်‌ရောက်ခဲ့ကြခြင်းဖြစ်သည်။

KNU ဗဟိုအမြဲတမ်း‌ကော်မတီဝင်များကို (၁၅)ကြိမ်ကွန်ဂရက်အထိ ၄၅ဦးသာ သတ်မှတ်ထားခဲ့ကြ‌သော်လည်း ပြီးခဲ့ သည့် ၂၀၁၅ခုနှစ်က ကျင်းပခဲ့သည့် (၁၆)ကြိမ်‌မြောက် ညီလာခံ၌ ဖွဲ့စည်းပုံကို ပြန်သုံးသပ်ခဲ့ပြီး‌နောက် ‌ကော်မတီဝင် များကို ၅၅ဦးအထိ ထပ်တိုး သတ်မှတ်ကာ ‌ရွေးချယ်တင်‌မြှောက်ခဲ့ကြသည်။

ဗဟိုအမြဲတမ်း‌ကော်မတီထဲတွင် ‌ရွေး‌ကောက်ခံမဟုတ်ဘဲ KNU ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ အလိုအ‌လျောက် အကျုံး ဝင်ကြသူများမှာ ခရိုင်ဥက္ကဌများနှင့် တပ်မဟာမှူးများ ဖြစ်ကြသည်။