အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ်တွင် ယနေ့အောက်တိုဘာလ ၂၅ရက်နေ့ မွန်းလွဲပိုင်းက အရပ်သားကားဖြင့် သွားလာနေသည့် စစ်ကောင်စီအရာရှိကားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ ၁ တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၎င်းစစ်ကောင်စီအရာရှိနှင့် ဇနီးသေဆုံးပြီး လက်နက်တိုတစ်လက် သိမ်းဆည်းရမိသည်ဟု KNLA က ပြောသည်။
ယနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ကျိုက်ကော်မှ ပန္နဲတောစခန်းသို့ အရပ်သား အိမ်စီးကားဖြင့် တက်လာသည့် ဗိုလ်မှူးအဆင့်ရှိ စစ်ကောင်စီအရှိနှင့် ဇနီးတို့ ကားကို ထုံးဘိုကြီးနှင့် အင်တောကြားတွင် ၎င်းတို့ တပ်ဖွဲ့ဝင်များက ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNLA တပ်မဟာ ၁မှ တပ်မှူးတစ်ဦးက ကေအိုင်စီသို့ အတည်ပြုပြောသည်။
သူက ” သတင်းအတိအကျ ရထားတော့ ကျနော်တို့လူတွေ အဆင်သင့် သွားစောင့်ပြီး ဆွဲမိုင်းနဲ့ ဆွဲတာ၊ အဲဒီမှာ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိက ပွဲချင်းပြီးပဲ သေသွားတယ်။ သူ့အမျိုးသမီးကတော့ ဆေးရုံကို ပို့တဲ့အခါကျမှ ဆုံးသွားတယ်လို့ ကျနော်တို့ ပြန်သိရတယ်။ အဲဒီဗိုလ်မှူးကိုင်တဲ့ အတိုတစ်လက်ရလိုက်တယ်ပေါ့နော်။ “ဟု ပြောသည်။
အဆိုပါ အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အမြောက်အများသည် ထိုနေရာသို့ ရောက်ရှိလာပြီး ဘေးပတ် ဝန်းကျင်တဝိုက်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်ဟုလည်း အဆိုပါ KNLA တပ်မှူးက ဆက်ပြောသည်။
ယမန်နေ့က အောက်တိုဘာလ ၂၄ရက်နေ့တွင်လည်း အဆိုပါ ဒေသတွင်( KNLA) နှင့် စစ်ကောင်စီတပ်တို့ အကြား တစ်ရက်အတွင်း ထိတွေ့ ပစ်ခတ်မှု ၅ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၄ ကျဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့သေးသည်ဟု KNU သထုံခရိုင်ဘက်က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။