ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ် မယ်လအူး ဒုက္ခသည် စခန်းတွင်း နေထိုင်သူ မိသားစု တစ်စု၌ ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့တွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၆ ဦး တွေ့ရှိသဖြင့် စခန်းတွင်း သွားလာမှု တင်းကြပ်ထားလိုက်ရသည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။
ရပ်ကွက်(၂)တွင် နေထိုင်သည့် စောတာဟေဘလု မိသားစုထံမှ မိသားစုဝင် ၅ ဦးထံတွင် ကနဦး ကိုဗစ် ကူးစက်ခံနေရကြောင်း စစ်ဆေး တွေ့ရှိပြီးနောက် အဆိုပါနေ့ ညနေပိုင်းခန့်တွင် နောက်ထပ် ၎င်းမိ သားစုဝင် တစ်ဦးထံမှ ပိုးကူးစက်ခံရမှု တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း စခန်း ဥက္ကဌ စောပူဒေး က ယခုလို ပြောသည်။
“ဘယ်လိုကူးစက်ခံရတာလဲတော့ မသိဘူး။ ဒါပေမဲ့ သူတို့ကို မေးကြည့်တော့လည်း အပြင်လည်း မထွက်ဘူးပေါ့ နော်။ ဒါပေမဲ့ သူတို့က အပြင်ခိုးထွက်တာတွေ လုပ်တတ်တယ်။ ပြီးတော့ ထိုင်း စစ်တပ်တွေနဲ့လည်း ထိတွေ့ ဆက်ဆံတာတွေရှိတယ်။ ကျနော်တို့ ယူဆတာက အဲ့ကနေ ကူးစက်ခံတာ လည်းဖြစ်နိုင်တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
လတ်တလောတွင် အခြားနေရာအတွင်း ကူးစက်ခံရမှု ရှိ မရှိ အသိရသေးဘဲ စခန်းအတွင်း သွားလာမှုများကို တားမြစ်ထားပြီး အိမ်တွင်းသာနေထိုင်ရန်၊ အရေးကြီးကိစ္စရှိမှသာ Mask တပ်၍ သွားလာရန် အသိပေးနှိုးဆော်ထားပြီး လာမည့် နံနက်ဖန်တွင်လည်း ရပ်ကွက် (၂)အတွင်းရှိ နေအိမ်အားလုံးကို ကျန်းမာရေး တာဝန်ရှိ သူများမှ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု စခန်း ဥက္ကဌ စောပူဒေး က ဆက်ပြောသည်။
အဆိုပါ ကူးစက်ခံရသူများကို စခန်းအတွင်းရှိ သတ်မှတ်ပေးထားသည့် နေရာတွင် ပို့ဆောင်ထားပြီး ၎င်းနေအိမ် ပတ်ဝန်းကျင်ကိုလည်း သွားလာမှု ကန့်သတ်ထားကာ ကူးစက်ခံရသူထဲတွင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးပါဝင်ကာ အဆိုပါ အမျိုးသမီးထဲတွင် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးပါ ဝင်ကြောင်း စခန်းတွင်း နေထိုင်သူ များထံမှ သိရသည်။
စခန်းတွင်း နေထိုင်သူ တစ်ဦးက “အိမ်ရှင်က အဖျားတက်တော့ ဆေးခန်းကို လာပြတယ်။ လာပြတော့ သံသယဖြစ်စရာတွေ ရှိတော့ သူတို့ အိမ်ကို lock-down ချလိုက်တယ်။ သူတို့ကို လိုအပ်တာ စစ်ဆေးပြီး မြို့ပေါ်ကို ပို့ စစ်ဆေးတော့ ကိုဗစ်ရလဒ် ထွက်လာတာပဲ။” ဟု ကေအိုင်စီ သို့ပြောသည်။
လတ်တလောတွင်လည်း အဆိုပါ ကူးစက်ခံရမှုရှိလာခြင်းကြောင့် စခန်းတွင်း နေထိုင်သူများအနေဖြင့် စိုးရိမ်မှုများ ရှိနေပြီး စခန်းတွင်း သွားလာ လှုပ်ရှားမှုလည်း နည်းပါးလာကြောင်း နှင့် အခြေအနေပို ဆိုးလာမည်ကို စိုးရိမ်သောကြောင့် စားနှပ်ရိက္ခာ ကြိုထုတ်ဝယ်ယူထားသူအချို့လည်းရှိနေကြောင်း စခန်းတွင်း နေထိုင်သူများက ဆိုသည်။
ပြီးခဲ့သည့် လများတွင်လည်း ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ၊ အုန်းဖျန် နှင့် ထမ်းဟင် ဒုက္ခသည် စခန်းများတွင်လည်း အလားတူ ကိုဗစ်ရောဂါ ကူးစက်ခံရမှုရှိခဲ့ပြီး သေဆုံးသည့် အခြေအနေထိ မရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်တွင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး လူဦးရေ ကိုးသောင်းကျော် ခိုလှုံလျက်ရှိသည်ဟု သိရသည်။



















