ဇူလိုင် ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်လိုက်သည့် ကရင်အမျိုးသားအစည်းအရုံး-KNU ကာကွယ်ရေး ဌာန၏ တာဝန် ယာယီရပ် ဆိုင်းကြောင်း အမိန့်စာအပေါ် လက်မခံကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ယမန်နေ့ (ဇူလိုင်လ ၁၁ ရက်)က သဘောထား ပြန်လည် ထုတ်ပြန် ကြေညာလိုက်သည်။
ကာကွယ်ရေးဌာနမှူး ပဒိုစောရောဂျာခင်မှ ၎င်းနှင့် ဗိုလ်ဘာဝါး နှစ်ဦးကို တာဝန်မှ ယာယီ ရပ်ဆိုင်းမည့်အပေါ် လုံးဝလက်မခံ နိုင်ကြောင်း နှင့် KNDO တပ်ဖွဲ့ဝင်များအပြင် ပြည်ပရောက် ကရင်လူထုအနေဖြင့်လည်း လုံးဝ လက်မခံကြောင်း ဖော်ပြပါရှိသည်။
“ ဒီ စာကို ကျနော်တို့ လက်ခံလိုက်ပြီးဆိုရင် ကျနော်တို့ ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ရန်သူရဲ့ အလုပ်ကို ကိုယ်က လုပ်ပေးသလိုမျိုးဖြစ်နေတယ်။ ဒါကြောင့် ကာကွယ်ရေးဌာနက ထုတ်တဲ့စာကို ကျနော်တို့ လက်မခံ နိုင်ဘူး။ ရန်သူနဲ့ NCA လုပ်တဲ့ ခေါင်းဆောင်တွေ နောက်ကို ကျနော်တို့ မလိုက်နိုင်တော့ဘူး” ဟု ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ၎င်း၏ သဘောထား ထုတ်ပြန်စာတွင် ပြောဆိုရေးသားထားသည်။
အလားတူ ယမန်နေ့က KNDO ၏ လူမှုကွန်ရက် စာမျက်နှာတွင်လည်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ယခုလို တာဝန်မှ ယာယီ ရပ်ဆိုင်းခံလိုက်ရသည့်အပေါ် လက်မခံကြောင်း နှင့် ယခုကိစ္စတွင် ရန်သူ၏ ဖိအားပေး ထိုးနှက်ချက်များ ပါဝင်ကြောင်းလည်း ရုပ်သံဖြင့် ရိုက်ကူး ထုတ်ပြန်ထားသေးသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းဖြစ်ပေါ်ခဲ့သည့် ဝေါ်လေဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗိုလ်မှူးချုပ် စောနယ်ဒါးမြ နှင့် ဗိုလ် စောဘာဝါး တို့ကို တာဝန် ယာယီရပ်ဆိုင်းလိုက်ကြောင်း KNU၏ ဗဟို အလုပ်မှုဆောင် ကော်မတီမှ ဇူလိုင်လ ၅ ရက်နေ့က အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး ဇူလိုင်လ ၈ ရက်နေ့ ရက်စွဲဖြင့် KNU ၏ ကာကွယ်ရေးဌာန မှ အမိန့်စာ ထုတ်ပြန်လိုက်သည်။
ယခု ကိစ္စနှင့်ပတ်သက်ပြီး KNU ဒုဥက္ကဌ ပဒို စောကွယ်ထူးဝင်းက “လူ့အခွင့်အရေးအရတော့ လိုက်နာလုပ်ဆောင် ရတာတွေရှိတာပဲ။ ကျနော်တို့ အဖွဲ့အစည်းမှာ စည်းမျဉ်း စည်းကမ်းရှိနေတာနဲ့အညီ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးတာ တင်ပြတာမျိုးတော့ လုပ်ရမှာပဲ။ ဒါက အဖွဲ့အစည်းက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ အတိုင်းလုပ်တာပါပဲ။” ဟု ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် အဆိုပါ ကိစ္စကို ရှင်းလင်းပေးရန် KNDO စစ်ဦးစီးချုပ်ကို ဗဟိုမှဆင့်ခေါ်သော်လည်း ၎င်းကိုယ်တိုင် မလာရောက်ဘဲ အရေးပေါ် အစည်းအဝေးအရ ယခုလို တာဝန်ရပ်ဆိုင်းရန် ဆုံးဖြတ်ခြင်းဖြစ်ပြီး တပ်ပိုင်းဆိုင်ရာ ရာထူးအနေဖြင့် ဆက်ရှိနေမှာ ဖြစ်သလို တာဝန်ဖြစ်သည့် KNDO စစ်ဦးစီးချုပ် တာဝန်ကို ယာယီရပ်ဆိုင်းထား ခြင်းမျိုးသာ ဖြစ်ကြောင်း နှင့် စုံစမ်းစစ် ဆေးမှုအပြီး ထွက်ပေါ်လာရသည့် ရလဒ်အပေါ် တရားရေးအရ ဆုံးဖြတ် ပိုင်ခွင့်ရှိသည့်အတိုင်း ဆက်လက်လုပ် ဆောင်သွားမည်သာဖြစ်ကြောင်း ပဒို စောကွယ်ထူးဝင်းက ဆက်ပြောသည်။
အရေးပေါ် အစည်းအဝေး၏ ဆုံးဖြတ်ချက် အမှတ်(၄) အပိုဒ် (၁) နှင့် (၂) အရ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ နှင့် ဗိုလ်ဘာဝါး တို့ကို ရာထူးမှ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ၎င်း၏ လစ်လပ်ရာထူးတွင် KNDO ၏ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး စောဖိုးလဝင်း မှ ယာယီ တာဝန်ယူသွားရမည်ဖြစ်ကြောင်းလည်း ၎င်း KNU ဗဟို၏ အမိန့်စာတွင် ဖော်ပြထားသည်။
ယခုလို တာဝန်ရပ်ဆိုင်းခံရမှု ကိစ္စနှင့် တာဝန်ရပ်ဆိုင်းခံရမှုအပေါ် လက်မခံသည့်ကိစ္စ ပေါ်ပေါက်လာသည့်အပေါ် ကရင်လူထု အကြား အမြင်အမျိုးမျိုး ကွဲပြားနေပြီး နောက်ထပ် ကရင့်လက်နက်ကိုင် ခွဲထွက်မှု ထပ်မံ ဖြစ်ပေါ် လာမည်ကိုလည်း စိုးရိမ်သူ များရှိပြီး ဗိုလ်မှူးချုပ် စောနယ်ဒါးမြ တာဝန် ယာယီ ရပ်ဆိုင်ခံရမှုအပေါ် လက်မခံနိုင်ကြောင်းလည်း ပြည်ပရောက် ကရင်တ ချို့နှင့် ပြည်တွင်း ကရင်လူငယ်တချို့တို့ကလည်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖော်ပြမှုများ ရှိနေကြသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က မြဝတီခရိုင် ဝေါလေမြို့နယ် ကနဲလေး-မော်ခီးသွား ကားလမ်း၊ အူးဟူချောင်း တံတားတည်ဆောက်ရေးလုပ်ငန်းခွင်နေရာမှ အလုပ်သမားဆိုသူ ၄၇ ဦးအား KNDO က ဖမ်းဆီးခဲ့ပြီးနောက် ၂၂ ဦးအား ပြန်လွှတ်ပေးခဲ့ကာ ၂၅ ဦးအား အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ခဲ့သည့်အပေါ် KNDO ဘက်က သေဆုံးသွားသူ အားလုံးမှာ အရပ်သားများမဟုတ်ဘဲ ဆောက် လုပ်ရေး အသွင်ဆောင်ထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဖမ်းဆီးရမိချိန် သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ရာထူးရာခံ အဆောင်အယောင်များနှင့်တကွပြန်လည်ရှင်းလင်းထုတ်ပြန်ပြီး ၎င်းတို့ ၏ နယ်မြေအတွင်းသို့ စုံစမ်းထောက်လှမ်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း KNDO စစ်ဦးစီးချုပ်ကိုယ်တိုင် ရှင်းလင်းပြောဆိုခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ KNU ဗဟိုနှင့် ခရိုင်တာဝန်ရှိသူများကလည်း စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် လျက်ရှိကြောင်း ပြန်လည်ထုတ်ပြန်ထားပြီး ယခုလို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ် KNDO ထိပ်ပိုင်းဆောင် ဆောင် ၂ ဦး ရာထူးမှ ယာယီရပ်ဆိုင်းခံလိုက်ရခြင်းဖြစ်သည်။



















