Home သတင်း လွိုင်ကော်က စာသင်ကျောင်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှု KnHRG ပြင်းထန်စွာ ရှုတ်ချ

လွိုင်ကော်က စာသင်ကျောင်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှု KnHRG ပြင်းထန်စွာ ရှုတ်ချ

12
Photo: Crd.

နိုဝင်ဘာ (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်အုပ်စုက စာသင်ကျောင်းအပေါ်လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ကျောင်းသားကလေးငယ်များ ထိခိုက်သေဆုံးမှုရှိခဲ့သည့်အပေါ် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြင်းထန်စွာရှုတ်ချကြောင်း ယနေ့ နိုဝင်ဘာလ (၂) ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၃၁) ရက်၊ နေ့လည်ပိုင်းအချိန်တွင် လွိုင်ကော်မြို့အရှေ့ဘက်ရှိ၊ ဝမ်ငေါ့စစ်ဘေးရှောင်စခန်းအတွင်း၊ ကလေးငယ်များပညာသင်ကြားနေသည့် စာသင်ကျောင်းနေရာသို့ စစ်အုပ်စုက Y-12 နှင့် ဂျက်ဖိုက်တာ အသုံးပြု၍ ဗုံးအလုံး (၂၀) ထက်မနည်း ကြဲချခဲ့ရာ ကလေး (၃) ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စာသင်ကျောင်း ပစ်မှတ်ထားတိုက်ခိုက်ခံရသည့်အပေါ် KnHRG က ပြင်းထန်စွာရှုတ်ချလိုက်ပြီး ကလေးသူငယ်များ၏ လုံခြုံစွာ ပညာသင်ကြားခွင့်ကို စစ်အုပ်စုက ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့အပြင် ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်စေပြီး ကျောင်းတက်ရန်ပင် လုံခြုံမှုမရှိသည့် အခြေအနေဖြစ်ကြောင်း KnHRG က ထောက်ပြသည်။

“ပြည်သူတွေ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတဲ့ စနစ်နဲ့ လူထုကျောင်း ယန္တရားတွေကို စစ်အုပ်စုက ပစ်မှတ်ထား ဖျက်ဆီးနေတာပါ။ သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို အသက်ပြန်သွင်းတဲ့နေရာမှာ အခြားတစ်ဖက်က တည်ဆောက်နေတဲ့ အရာတွေကို မလိုလားလို့ ဖြစ်ပါတယ်” ဟု KnHRG ပူးတွဲတည်ထောင်သူ ဗညားခွန်အောင်က ပြောသည်။

Photo: Crd.

ထို့အတူ မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု မရှိတော့သလို စစ်အုပ်စုက စစ်ရာဇဝတ်မှု ကျူးလွန်မှုများအတွက် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရရှိနေဆဲဖြစ်ကြောင်းကိုလည်း KnHRG က ထပ်လောင်းထောက်ပြသွားသည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် ဒေသတွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စစ်အုပ်စု၏ရာဇဝတ်မှုများအပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးပို့ရေး အပါအဝင် မြန်မာ့အကျပ်အတည်းကို အရေးကြီးအဆင့် တုံ့ပြန်ဆောင်ရွက်ကြရန်လည်း KnHRG က တိုက်တွန်းထားသည်။

အောက်တိုဘာ (၃၁) ရက်နေ့က သေဆုံးသူများတွင် အဆိုပါစစ်ဘေးရှောင်စာသင်ကျောင်းတွင် တက်ရောက်သင်ကြားနေသည့် တတိယတန်းကျောင်းသား(၁)ဦး၊ ပဥ္စမတန်းနှင့်သတ္တမတန်းမှ ကျောင်းသူ(၂)ဦး ပါဝင်ပြီး အသက်(၉)မှ (၁၆)နှစ်ကြား ကျောင်းသူ၊ ကျောင်းသား (၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ကရင်နီပြည်နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း စစ်အုပ်စုကဒရုန်းအပါအဝင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ(၅၀)ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်းလည်း KnHRG က မှတ်တမ်းတင်ထားခြင်းရှိသည်။

Photo: Crd.