ဇူလိုင် ၁၂ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) ဗဟိုဆေးတပ်ဖွဲ့မှ ဆေးသင်တန်းကျောင်းအုပ်ဖြစ်သူ ဗိုလ်ကြီးစောကလို့ဖောဝါးသည် ယနေ့ ဇူလိုင်လ ၁၂ရက်နေ့၊ နံနက် ၉နာရီဝန်းကျင်တွင် ကွယ်လွန်သွားသည်ဟု သိရှိရသည်။
၎င်းသည် ပြီးခဲ့သည့် ၆ လကတည်းက အစာအိမ်၊ အူနှင့် အသဲရောဂါဝေဒနာ ခံစားရခြင်းဖြစ်ပြီး ယမန်နေ့(ဇူလိုင် ၁၁ ရက်နေ့) ညတွင် သွေးအန်ခဲ့ပြီးနောက် ယနေ့နံနက်တွင် ကွယ်လွန်သွားခြင်းဖြစ် ကြောင်း KNLA ဗဟိုဆေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်မှူးကြီးနော်စေးဒေးကဲက ယခုလို ပြောသည်။
“သူက ကျမတို့ဆေးဌာနမှာ ဆေးရုံအုပ်ပေါ့နော်။ သူ့ရောဂါက ဆေးစစ်ချက်ရလဒ်အရ အူရော၊ အစာအိမ်ရော အနာ ငါးပေါက်ခြောက်ပေါက်ရှိတယ်ပေါ့နော်။ သူသွေးအန်တာလည်း ခဏ၊ ခဏပဲ။ နောက်ပြီးတော့ သူ့ liver (အသဲ)က liver cirrhosis တဲ့။ အဲ့ဒါကြောင့်မို့လို ဒီတစ်ခေါက် သူပြန်လာတာ။ သူလည်း အဲ့ဒါကြောင့်မို့ ဆုံးသွားတာဖြစ်မယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ကွယ်လွန်ချိန်တွင် အသက် ၅၉နှစ်ရှိပြီဖြစ်သည့် ဗိုလ်ကြီးစောကလို့ဖောဝါးသည် လက်ရှိ ကေအဲန်အယ်လ်အေ ဒုတိယ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲနှင့် ကွန်မန်ဒိုတပ်ဖွဲ့သင်တန်း အပတ်စဉ်တူ တက်ရောက်ခဲ့သူဖြစ်ပြီး ၁၉၈၄-၈၅ခုနှစ်တွင် တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီးနောက် ဆေးတပ်ဖွဲ့ဘက်ကို ကူးပြောင်းလာခြင်းဖြစ်သည်။
သူသည် ကေအဲန်အယ်လ်အေ ဆေးတပ်ဖွဲ့ဝင်အဖြစ် နှစ်ပေါင်း ၃ဝခန့် တာဝန်ထမ်းဆောင်ခဲ့သလို ကေအဲန်အယ်လ်အေ ဗဟိုဆေးရုံအုပ်တာဝန်ကို ၁၈နှစ်ခန့် ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူ ကေအဲန်အယ်လ်အေ ဗဟိုဆေးရုံအုပ်နှင့် ဆေးသင် တန်းကျောင်းအုပ် တာဝန်နှစ်ခုကို ထမ်းဆောင်နေရင်း ယခိုလို ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ကြီးစောကလို့ဖောဝါး၏ ဈာပနာအခမ်းအနားကို ဇူလိုင်လ ၁၄ ရက်နေ့၊ မွန်းလွဲ ၁နာရီအချိန်တွင် ကေအဲန်ယူ တပ်မ ဟာ ၇နယ်မြေတွင် ပြုလုပ်သွားမည်ဟု သိရှိရသည်။ သူသည် အိမ်ထောင်မရှိသူတစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်တွင် ညီအစ်ကိုမောင်နှမ ၄ဦး ကျန်ရစ်ခဲ့သည်။



















