Home သတင်း ဘုရားသုံးဆူတွင် စစ်‌ကောင်စီတပ်နှင့် အမည်မသိလက်နက်ကိုင်အဖွဲ့ကြား ပစ်ခတ်မှုထပ်မံဖြစ်ပွား

ဘုရားသုံးဆူတွင် စစ်‌ကောင်စီတပ်နှင့် အမည်မသိလက်နက်ကိုင်အဖွဲ့ကြား ပစ်ခတ်မှုထပ်မံဖြစ်ပွား

4196

ဧပြီ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယ‌နေ့ ဧပြီ ၂၈ ရက် နံနက် ၈ နာရီ ဝန်းကျင်ခန့်တွင် စစ်‌ကောင်စီတပ်ဖွဲ့နှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ ပစ်ခတ်မှုမှာ မြို့တွင်း နယ်စပ်ဂိတ်ချက်ပွိုင့်‌နေရာနှင့် တပ်ကုန်း‌နေရာတွင် လက်ပစ်ဗုံး၊ လက်နက် ငယ်များဖြင့် ၁၅ မိနစ်ကြာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံလူထုထံမှ သိရသည်။

“ ပစ်တာက ဘယ်အဖွဲ့လဲ‌တော့ ကျ‌နော်တို့လည်း မသိဘူး။ စစ်တပ်ရှိတဲ့ ချက်ပွိုင့်နဲ့ တပ်ကုန်း‌နေရာမှာပစ်တာ ထိခိုက်တာ‌တွေ‌တော့မကြားရဘူး။ ပစ်ခတ်ကြပြီး‌တော မြို့အဝင်ဂိတ်ကို ပိတ်ပြီး အဝင်အထွက် ကား‌တွေကို ပြန်စစ်‌ဆေးတယ်။ အခုတစ်မြို့လုံးက တိတ်ဆိတ်သွားတယ်” ဟု လုံခြုံ‌ရေးအရ အမည်မ‌ဖော်လိုသူ မြို့ခံတစ် ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းပစ်ခတ်မှု‌ကြောင့် ဘုရားသုံးဆူမြို့၏ အဝင်အထွက်ဂိတ်တွင် စစ်‌ကောင်စီတပ်၊ ရဲနှင့် နယ်ခြား‌စောင့် -BGF တပ်ဖွဲ့ဝင်များက သွားလာ‌နေသည့် ကား၊ ဆိုင်ကယ်များကို စစ်‌ဆေးမှုများ ပိုမိုလုပ်‌ဆောင်လျက်ရှိသည်ဟု အမည်မ‌ဖော်လိုသည့် အခြားဘုရားသုံးဆူမြို့ခံတစ်ဦးကလည်း ‌ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ရက်‌နေ့ ည ၁ဝနာဝန်းကျင်အချိန်တွင်လည်း စစ်‌ကောင်စီတပ်နှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့များအကြား အလားတူ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီတပ်ဘက်မှ ထိခိုက်‌သေ ဆုံးမှုရှိသည်ဟု ဘုရားသုံးဆူမြို့ခံများက ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘရားသုံးဆူမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်‌ဖော်မှုများ ‌နေ့စဉ်နီးပါး ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်‌နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်‌ရေး ဆိုင်ကယ်သပိတ်စစ်‌ကြောင်းကို စစ်‌ကောင်စီတပ်ဖွဲ့က ကားဖြင့်လိုက်တိုက်သည့်အတွက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူရှိသလို လူငယ်အချို့လည်း ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။