Home သတင်း ဖားအံတွင် CDM ဝင်သည့် ‌ကျောင်းဆရာမတစ်ဦး ထပ်မံဖမ်းဆီးခံရ

ဖားအံတွင် CDM ဝင်သည့် ‌ကျောင်းဆရာမတစ်ဦး ထပ်မံဖမ်းဆီးခံရ

4763

ဧပြီ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် အာဏာဖီဆန်‌ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သည့် ‌ကျောင်းဆရာမတစ်ဦး၏ သွား‌ရောက် တိမ်း‌ရှောင်‌နေသည့် ရွာတွင် စစ်‌ကောင်စီတပ်နှင့် ရဲများမှ ဧပြီလ ၂၁ရက်‌နေ့ ညတွင် ဝင်‌ရောက်ဖမ်းဆီးလိုက်သည်ဟု သိရသည်။

အဆိုပါ‌ကျောင်းဆရာမသည် ဖားအံမြို့နယ် အ.မ.က ‌ကော့ကျိုက်တွင် တာဝန်ကျသည့် မူလတန်းပြဆရာမ နန်း‌နွေး‌နွေးလှိုင်ဖြစ်ပြီး ဖားအံမြို့တွင် အဖမ်းအဆီးရှိ‌သော‌ကြောင့် နီးစပ်ရာမိတ်‌ဆွေအိမ်ရှိရာ အိန္ဒုရွာထဲတွင် သွား‌ရောက်တိမ်း‌ရှောင်စဉ်အဖမ်းခံရခြင်းဖြစ်သည်ဟု သူမနှင့် နီးစပ်သူ တစ်ဦးထံမှသိရသည်။

“ ရဲ‌တွေက သူ့အ‌မေအိမ်မှာ လာဖမ်းတာ သူအိမ်မှာမရှိ‌တော့ ရှိတဲ့‌နေရာကို ပြဖို့ အိမ်က‌မောင်ကို ‌ခေါ်သွားတာ‌ပေါ။ သူ့အိမ်က မိသားစုဝင်ဖြစ်တဲ့ သူ့‌မောင်‌လေးကို ဘယ်လို‌ပြောလိုက်လဲ‌တော့မသိဘူး ‌နေရာပြခိုင်းပြီး လာဖမ်းတာ” ဟု သူမနှင့် နီးစပ်သူက ‌ကေအိုင်စီသို့‌ပြောသည်။

‌ကျောင်းဆရာမနန်း‌နွေး‌နွေးလှိုင်ကို သွား‌ရောက်ဖမ်းဆီး‌ခေါ်‌ဆောင်သည့်အချိန်တွင် ည ၁ဝနာရီ‌ကျော်အချိန်ဖြစ်ပြီး ရဲ၊ စစ်သားနှင့် အရပ်ဝတ်လူများအပါအဝင် လူဦး‌ရေ ၃၀‌ကျော်မှ ကား၅စီးခန့်ဖြင့် ၎င်းဆရာမကို သွား‌ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ကိုယ်တိုင်မြင်‌တွေ့ရသူထံမှ သိရသည်။

သူမသည် ဖားအံမြို့ ကမ်းနားလမ်းတွင် ‌နေထိုင်သူတစ်ဦးဖြစ်သလို အဆိုပါရက်မတိုင်ခင်တွင် ‌ကျောင်းဆရာမ တာဝန်ပြန်ထမ်း‌ဆောင်ရန် ဖားအံမြို့နယ် ပညာ‌ရေးမှူးရုံးမှ ဆင့်‌ခေါ်ယူထားခြင်းလည်းရှိသည်ဟု သိရသည်။

ထို့အတူ ဧပြီလ ၂ဝရက်‌နေ့တွင်လည်း ဖားအံမြို့တွင်‌နေထိုင်ပြီး အာဏာဖီဆန်‌ရေးလှုပ်ရှား မှု(CDM)တွင်ပါဝင်သည့် ‌ကျောင်းဆရာမတစ်ဦးကိုလည်း အလားတူ ညအချိန်ခန့်တွင် ရဲနှင့် စစ်သားများမှ ဝင်‌ရောက်ဖမ်းဆီး‌ခေါ်‌ဆောင်မှုရှိသည့်အတွက် ယခုအချိန်တွင် CDMဝင်သည့် ‌ကျောင်းဆရာ/ ဆရာမများ သတိနှင့် ‌နေထိုင်‌နေရသည်ဟုသိရသည်။