ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်းရှောင်း
ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်ကျရောက်မည့် ၇၃ နှစ်မြောက်ကရင်အမျိုးသားနေ့အား ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ကရင်အမျိုးသားနေ့အထိမ်းအမှတ် ပြက္ခဒိန်ထုတ်ဝေမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ကရင်လူငယ်အဖွဲ့(KKY)ထံမှ သိရသည်။
ကျောင်းကုန်းမြို့နယ် ကရင်လူငယ်အဖွဲ့(KKY)အနေဖြင့် ယမန်နှစ် ၇၂ နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်း အမှတ်ပြက္ခဒိန်ကို ဧရာဝတီတိုင်းဒေသကြီးအတွင်း ပထမအကြိမ် ထုတ်ဝေဖြန့်ချိခဲ့ဖူးပြီး ယခုဒုတိယ အကြိမ်မြောက်ထပ်မံထုတ်ဝေခြင်းဖြစ်သည်ဟုသိရသည်။
ပြက္ခဒိန်ထုတ်ဝေရေးတာဝန်ရှိသူတစ်ဦးဖြစ်သည့် စတောလောင်း(ဓာတ်ပုံ)က “ အဓိကရည်ရွယ်ချက်က ကရင် အမျိုးသားနေ့ကို ဂုဏ်ပြုချင်တာလည်းပါသလို ဒီအမျိုးသားနေ့ကိုကရင်လူထုတွေ ကျယ်ကျယ်ပြန့်ပြန့်ပို သိလာ အောင်ပေါ့။ နောက်ပြီးကရင်လူငယ်တွေကို ကရင်နဲ့ပတ်သက်တဲ့ အမျိုးသားရေးခံယူချက်တွေ ပိုရှိ လာစေချင် တဲ့ရည်ရွယ် ချက်တွေပါတယ်” ဟုကေအိုင်စီသို့ပြောသည်။
အထိမ်းအမှတ်ပြက္ခဒိန်ကို အစောင်ရေ ၁,၅၀ဝ ခန့်ထုတ်ဝေသွားမည်ဖြစ်ပြီး ရရှိလာသည့်အကျိုးအမြတ်များကို မြို့နယ်စာပေယဉ်ကျေးမှုကော်မတီနှင့် ကျောင်းကုန်းကရင်လူငယ်အဖွဲ့ -KKY ရန်ပုံငွေများ အဖြစ်ထည့် ဝင်အသုံး ပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
နိုဝင်ဘာလမှစတင်ခဲ့သည့် အဆိုပါ ပြက္ခဒိန်ထုတ်ဝေးရေးအတွက် ပုံရိုက်ကူးမှုများပြုလုပ်ခဲ့ပြီးနောက် လက် ရှိဒီဇိုင်းပြင်ဆင်မှုများပြုလုပ်ကာ ဖေဖော်ဝါရီလ ကရင်အမျိုးသားနေ့အမှီ ထုတ်ဝေသွားမည်ဖြစ်သည်ဟု လည်း KKY ထံမှသိရသည်။
ကျောင်းကုန်းကရင်လူငယ်အဖွဲ့ -KKY ကို ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကရင်လူငယ်များအချင်းချင်း အပြန်အလှန်ချိတ်ဆက်ရင်းနှီးမှုအားကောင်းလာပြီး စည်းလုံးညီညွတ်မှုပိုမိုရရှိစေရေးနှင့်အနာဂတ်ကရင် ရေးရာကဏ္ဍများတွင်တဖက်တလမ်းမှပါဝင်ကူညီလုပ်ဆောင်လာနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။



















