မတ် ၁၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စောရှား
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသတွင် ဖွင့်လှစ်သည့် ကညော-ဖလုံ ဆရာဖြစ်သင်တန်းတွင် သင်တန်း သား၊ သင်တန်းသူ ဦးရေမှာ နှစ်စဉ်လျော့နည်းလာနေသည်ဟု သင်တန်းသားမှူးများက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကညော-ဖလုံ ဆရာဖြစ်သင်တန်း ၇ ကြိမ်မြောက် သင်တန်းကို ဝင်းရော်ဒေသ၊ တညင်ရွာ (ဖားပြရွာ အနီး)၌ မတ် ၁၃ မှ ၂ဝ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုနှစ်သင်တန်းသား ဦးရေမှာ လေးနှစ်အတွင်း အနည်းဆုံး ဖြစ်ကြောင်း တွဲဖက်သင်တန်းမှူး၊ နန်းထွေးထွေးအိက ပြောသည်။
၎င်းက “ဒီနှစ်လည်း သင်တန်းသား တချို့လျော့ချလိုက်ရတာက ကိုရိုနာဗိုင်းရပ်စ်(COVID-19) ဂယက်ကြောင့် မဟုတ် ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘဏ္ဍာရေး အားနည်းမှုကြောင့်ပါ။ ဒီသင်တန်းအတွင်း ပါဝင်လှူဒါန်း လို့လည်း ရပါတယ်” ဟု ကေအိုင်စီသို့ မတ် ၁၃ ရက်နေ့တွင် ပြောသည်။
အဆိုပါ သင်တန်းသို့ ၂၀၁၇ ခုနှစ်တွင် ရွာပေါင်း ၆၉ ရွာမှ သင်တန်းသား/သင်တန်းသူ ၂၆၄ ဦးအထိ တက်ရောက်ခဲ့ရာမှ ၂၀၁၈ ခုနှစ် တွင် ကျေးရွာပေါင်း ၆၄ ရွာရှိ သင်တန်း သူ/သား ၂၂၆ ဦး၊ ၂၀၁၉ ခုနှစ်တွင် ကျေးရွာပေါင်း ၄၄ ရွာရှိ သင်တန်း သူ/သား ၁၈၁ ဦး တက်ရောက်ခဲ့ပြီး ယခုနှစ်တွင် ရွာပေါင်း ၄၃ ရွာမှ သင်တန်းသား ၁၄၇ ဦးသာ တက်ရောက်ခဲ့ပြီး ယခုလို နှစ်စဉ် သင်တန်းသူ/ သင်တန်းသား များလျော့ နည်းလာနေသည်ဟု ပြုစုထားသည့် စာရင်းအရ သိရသည်။
ယခုလို သင်တန်းသားဦးရေ နှစ်စဉ် လျော့နည်းလာသည့်အပေါ် စိတ်မကောင်းဖြစ်မိသလို ယခု ထက် စာ/ယဉ် ကဏ္ဍများ ပိုမိုဖြစ်ထွန်းမှုကိုလိုလားသည်ဟု ပြည်နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဆရာမနန်းမြင့်တင်က ယခုလို ပြောသည်။
“ ဒီအလုပ်ဟာ အမျိုးသားရေးအလုပ်ပဲလို့ ခံယူထားရင်တော့ ဝိုင်းဝန်းကူညီပံ့ပိုးမှု ဒီထက် ဖြစ်ထွန်းလာမှာပါ။ (ဒီသင်တန်းအတွက်) တိုင်းရင်းသားရေးရာ ရုံးကလည်း ငွေကြေးအားဖြင့် ကူညီသွားမှာပါ။ အစည်းအဝေး ပြန်ထိုင်ဖို့လည်း ရှိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်စာပေနှင့် ယဉ်ကျေးမှု ပြန့်ပွားရေးအတွက် ရည်ရွယ်ပြုလုပ်သည့် ယခုနှစ် ကညော-ဖလုံ ဆရာဖြစ် မွမ်းမံ သင်တန်းတွင် ကြာအင်းဆိပ်ကြီးနှင့်သံဖြူဇရပ်မြို့နယ်မှ သင်တန်းသားတို့အား မူလတန်း အဆင့် ကရင်သင်ရိုး ညွှန်းတမ်း ဖတ်စာအုပ်၊ ဒုံးအက၊ မျက်မှောက် ကရင့်ရေးရာများဖြစ်သည့် နိုင်ငံရေးနှင့် သမိုင်း စသည့်အကြောင်း အရာများကို သင်တန်းကော်မတီဆရာ/ဆရာမ ၅၇ ဦးတို့က ကဏ္ဍအလိုက်သင်ကြား ပို့ချပေးမည် ဖြစ်သည်။
မွမ်းမံသင်တန်း တက်ရောက်ပြီးစီးသွားသည့် သင်တန်းသူ/သင်တန်း သားများ အနေဖြင့် မိမိတို့ သက်ဆိုင်ရာ ဒေသအသီးသီးတွင် ပြည်လည် ပို့ချပြီးနောက် (၈) ကြိမ်မြောက် စုပေါင်းသင်တန်းဆင်းပွဲကို လာမည့် ဧပြီ ၈ မှ ၁ဝ ရက်နေ့ အထိ ဝင်းရော်ဒေသ၊ လွတ်ရှမ်းရွာ၌ ကျင်းပသွားမည် ဖြစ်သည်။