Home သတင်း ဘုရားသုံးဆူမြို့သို့ ‌ဒေါ်‌အောင်ဆန်းစုကြည်ပထမဦးဆုံးအကြိမ် လာ‌ရောက်မည်ဟု သတင်းထွက်‌ပေါ်‌နေ

ဘုရားသုံးဆူမြို့သို့ ‌ဒေါ်‌အောင်ဆန်းစုကြည်ပထမဦးဆုံးအကြိမ် လာ‌ရောက်မည်ဟု သတင်းထွက်‌ပေါ်‌နေ

2392

မတ်လ ၁၃ ရက်၊ ၂ဝ၂ဝ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ မတ်လ ၁၈ ရက်‌နေ့တွင် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ဒေါ်‌အောင်ဆန်းစုကြည်လာ‌ရောက်မည်ဖြစ်ပြီး ‌ဒေသခံလူထုများနှင့် ‌တွေ့ဆုံပွဲ ပြုလုပ်ကျင်းပသွားမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

နိုင်ငံ‌တော်အတိုင်ပင်ခံသည် ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၂၄ ရက်‌နေ့က ‌ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့တွင် ပထမဦးဆုံးအကြိမ် လူထု‌တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ဘုရားသုံးဆူမြို့‌ဒေသခံပြည်သူတစ်ဦးမှ လာ‌ရောက်ရန် ဖိတ်ကြားခဲ့သည့်အ‌ပေါ် ယခုလိုထပ်မံလာ‌ရောက်မည်မှာ ဖြစ်နိုင်‌ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် တာဝန်ရှိသူထံမှ သိရသည်။

“ အ‌ရေးကြီးပုဂ္ဂိုလ်ခရီးစဉ်လို့ပဲ ကျ‌နော်တို့ကို ညွန်ကြားထားပါတယ်ခင်ဗျာ။ လူထု‌တွေ့ဆုံပွဲပါ။ ‌ဒေါ်‌အောင်ဆန်းစုကြည်လား ဘယ်သူလည်း‌တော့ မသိပါဘူးခင်ဗျာ။ အ‌ရေးကြီးပုဂ္ဂိုလ်ခရီးစဉ်အတွက် ကျ‌နော်တို့ပြင်ဆင်တာ‌တော့ ရှိပါတယ်။ ရက်အတိအကျ ညွန်ကြားထားတာ မရှိ‌သေးဘူး။ ညွန်ကြားချက်ရတဲ့အ‌ပေါ်မှာ လုပ်‌ဆောင်သွားမယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ အုပ်ချုပ်‌ရေးမှူး ဦး‌ဇော်မိုးက မတ် ၁၂ ရက်‌နေ့တွင် ‌ကေအိုင်စီ သို့‌ပြောသည်။

ဘုရားသုံးဆူမြို့ရှိ ထိုင်း-မြန်မာနယ်စပ်တွင် နယ်နိမိတ်မျဉ်းများ နှစ်ဖက်တရားဝင်တိုင်းတာမှု မရှိ‌သေးသည့်အတွက် အငြင်းပွားမှု မကြာခဏ ဖြစ်‌ပေါ်လျှက်ရှိ‌သော်လည်း အတိုင်ပင်ခံ၏ ပထမဦးဆုံးအကြိမ် ကြားအင်းဆိပ်ကြီးသို့ ‌ဖေ‌ဖော်ဝါရီ ၂၄ ရက်ကလာ‌ရောက်သည့် ခရီးစဉ်တွင် နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်‌ပေးရန် ‌ဒေသခံများက တင်ပြခဲ့သည်ဟု သိရသည်။

ဘုရားသုံးဆူမြို့ခံ ကိုသက်နိုင်က “ ‌ဒေါ်‌အောင်ဆန်းစုကြည် လာမယ်လို့‌တော့ သိထားတယ်။ ထိုင်းဘက်ခြမ်း မြန်မာစက်ရုံအလုပ်သမား‌တွေက အတိုင်ပင်ခံကို ‌တွေ့ချင်တယ်‌ပေါ့‌နော်။ တစ်ရက်ပိတ်‌ပေးဖို့ အုပ်ချုပ်‌ရေးအပိုင်း‌တွေကို အကူအညီ‌တောင်းထားတာရှိတယ်။ ပိတ်ထားတဲ့ နယ်စပ်ဂိတ်ကို ပြန်ဖွင့်‌ပေးဖို့ တင်ပြချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မတ် ၁၈ ရက်‌နေ့တွင် ဘုရားသုံးဆူမြို့ ‌ဂေါက်ကွင်း‌နေရာ၌ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ‌ဒေသခံလူထု ‌တွေ့ဆုံပွဲ ပြုလုပ်ကျင်းပရန် ခရိုင်၊ မြို့နယ်ရှိ အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများမှ အခမ်းအနားပြင်ဆင်‌နေပြီးဟု ဘုရားသုံးဆူမြို့ ‌ဒေသခံများထံမှ သိရသည်။