စက်တင်ဘာ ၅ရက်၊ ၂၀၁၉ ခုနှစ်။ နေနော်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် ၅ ရက်ကွက်၊ စိုက်ပျိုးရေးဇုန်အတွင်းရှိ လူနေအိမ်များ၌ အကြောင်း ကြား ခြင်းမရှိဘဲ လာရောက်နေထိုင်သူ တရုတ်နိုင်ငံသား တစ်ဦးသည် မည်သည့် အထောက်အထားမျှ မရှိ သည့်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာန (လဝက) ဥပဒေအရ အရေးယူသွားမည်ဟု ခရိုင်အဆင့် တာဝန်ရှိသူများက ပြောသည်။
ဖြစ်စဉ်မှာ အဆိုပါ ရပ်ကွက်အတွင်း နိုင်ငံခြားသားများ တည်းခိုနေထိုင်ခြင်းရှိမရှိကို ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီး သက်လင်း ဦးဆောင်သည့် အဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် အဖွဲ့သည် စက်တင်ဘာ ၄ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ဒေါ်မျိုးမျိုးအေး၏နေအိမ်၌ ၎င်းတရုတ်နိုင်ငံသား ၃ ဦးနှင့် မြန်မာအမျိုးသမီး ၁ ဦးတို့ အားလည်းကောင်း၊ ဦးအောင်အောင်၏ နေအိမ်၌ တရုတ်နိုင်ငံသား ၄ ဦးအား လည်းကောင်း တွေ့ရှိရသဖြင့် မြဝတီမြို့မ ရဲစခန်းသို့ခေါ်ဆောင်ကာ ခရိုင်လဝက ဦးစီးအရာရှိ ဦးအောင်တိုးနှင့်အဖွဲ့မှ စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ တရုတ်နိုင်ငံသား ၇ ဦးအနက် Guo Daicheng (၂၇)နှစ်၊ အမှတ်(၃၆၂) ဟိုက်ကျောက်ရွာ၊ ဆောက်ရမ်ရပ်ကွက်၊ ဆောက်ရမ်မြို့၊ ဟူနန်ပြည်နယ်နေသူသည် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ တာ့ခ်မဂိတ်မှ သောင်ရင်းမြစ်ကိုဖြတ်၍ မြဝတီ ၉၉၉ ဂိတ်မှ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာပြီး တရားဝင်အထောက်အထား မရှိသည့်အတွက် လဝကဥပဒေအရ အရေးယူရန် ဆောင်ရွက်ထားပြီး ကျန်တရုတ်နိုင်ငံသား ၆ ဦးမှာ ပတ်စ်ပို့၊ ဗီဇာများ ပါရှိသဖြင့်ဟုဆိုကာ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
လက်ရှိ မြဝတီမြို့ရှိ လူနေရပ်ကွက်များအတွင်း တရုတ်နိုင်ငံသားများက အိမ်လုံးချင်း အိမ်ငှားရမ်းနေထိုင်မှုများ ရှိလာပြီး တရုတ်စာများဖြင့် တရုတ်ထမင်းဆိုင်များပင် ဖွင့်လှစ်လာမှုများရှိလာခြင်းကြောင့် နောင်တစ်ချိန်တွင် တရုတ်နိုင်ငံသားများ ဖောင်းပွကာ တရုတ်ယဉ်ကျေးမှု လွှမ်းမိုးလာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်စိတ်မြှင့် တက်လျက်ရှိကြောင်း ဒေသခံများက ကေအိုင်စီသို့ ထုတ်ဖော်ပြောကြားသည်။



















