ဇူလိုင်လ ၂၂ ရက်၊ ၂၀၁၉ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် လာမည့် (၂ဝ၂ဝ) ရွေးကောက်ပွဲတွင် တိုင်းရင်း သားရေးရာဝန်ကြီးအပြင် အခြားမဲဆန္ဒနယ်များတွင်လည်း ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံကြရန် ပြည်နယ်တွင်းရှိ ပအိုဝ်းလူငယ်များက တောင်းဆိုလိုက်သည်။
ဖားအံမြို့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် ဇူလိုင်လ ၂ဝ ရက်မှ ၂၁ ရက်နေ့အထိ ကျင်း ပသည့် ပထမအကြိမ် ကရင်ပြည်နယ် ပအိုဝ်းအမျိုးသားလူငယ်ညီလာခံအပြီး သဘောထားထုတ်ပြန်ချက်တွင် ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဌ ခွန်ဝင်းအောင်က“လက်ရှိ ကရင်ပြည်နယ်လွှတ်တော်၊ အစိုးရအဖွဲ့နဲ့ အမျိုး သားလွှတ်တော်၊ ပြည်သူူ့လွှတ်တော်တွေမှာပဲဖြစ်ဖြစ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးမှအပ ကရင်ပြည်နယ် က ပအိုဝ်းကိုယ်စားလှယ်တွေ တအားနည်းတယ်။ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးကလည်း အဲလောက် လုပ် ပိုင်ခွင့်မရှိဘူး။ တကယ်တမ်း ကရင်ပြည်နယ်က ပအိုဝ်းလူမျိုးတွေရဲ့အခွင့်အရေးတွေ တောင်းဆိုမယ်ဆို ထိထိ ရောက်ရောက် လုပ်ဆောင်ပေးမယ့်သူ မရှိသလောက်ဖြစ်သွားတယ်” ဟု ပြောသည်။
မဲဆန္ဒနယ် ၃၆ နေရာရှိသည့် ကရင်ပြည်နယ်တွင် နိုင်ငံရေးပါတီဝင် ပအိုဝ်းတိုင်းရင်းသားများရှိနေသော်လည်း ပြီးခဲ့သည့်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွင်း ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှလွဲ၍ အခြား မဲဆန္ဒ နယ်များတွင် ရွေးကောက်ခံ ကိုယ်စားလှယ်များအဖြစ် ပါဝင်လာခြင်းမရှိသည့်အတွက် ခွဲခြားဆက်ဆံခံရသည့် ခံစားမှုဖြစ်ပေါ်စေကြောင်းလည်း ခွန်ဝင်းအောင်က ဆက်လက်ပြောဆိုသည်။
ကရင်ပြည်နယ်အတွင်း ပအိုဝ်းလူငယ်များ အခက်အခဲများဖြေရှင်းရန် ယန္တရားတစ်ခုဖြစ်ပေါ်လာရေးနှင့် ညီ နောင်တိုင်းရင်းသားနှင့် ချိတ်ဆက်မှုအား ပိုမိုကောင်းမွန်လာရေး ရည်ရွယ်ပြုလုပ်သည့် ကရင်ပြည်နယ် ပအိုဝ်းအမျိုးသားလူငယ်ညီလာခံတွင် ပအိုဝ်းအမျိုးသားအဂင်္ါရပ် လက္ခဏာများ၊ ကျန်းမာရေး၊ ပညာရေးနှင့် အမျိုးသားနိုင်ငံရေးတွင် ပအိုဝ်းလူငယ်များပါဝင်နိုင်မည့်အခြေအနေများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးအပြီး ညီလာခံထုတ်ပြန်ချက်တွင် ကရင်ပြည်နယ်အတွင်းရှိ ပအိုဝ်းအမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်မည့် ခေါင်းဆောင်ရွေးချယ်နိုင်ရေး၊ စာပေနှင့်ယဉ်ကျေးမှု အနုသုခုမပညာသင်တန်း၊ နွေရာသီ ကျောင်း ပိတ်ရက်များတွင် သင်ကြားရေး လိုလားချက်များအပြင် ၂၀၂ဝ မတိုင်မှီ တစ်မျိုးသားလုံးဆိုင်ရာ ပအိုဝ်းညီလာခံ ကျင်းပနိုင်ရေးစသည့်အချက်များကိုလည်း ထည့်သွင်းတောင်းဆိုထားသည်။
ပအိုဝ်းလူငယ်ညီလာခံတွင် လေ့လာသူအနေဖြင့် တက်ရောက်သည့် ကရင်လူငယ်အစည်းအရုံး -KYO မှ စော အယ်ကော်က“ ပအိုဝ်းလူငယ်ညီလာခံဖြစ်ဖို့ ဒေသအလိုက် အကြိုညီလာခံတွေ ကျင်းပရတယ်။ ဒါက ပြည်နယ် အဆင့်လုပ်တာပေါ့။ ကျနော်တို့ ကရင်လူငယ်မှာလည်း ညီလာခံအတွက် တစ်နိုင်ငံလုံး ကရင်လူငယ် စီမီနာ ခေါ်ပြီး ၁၅ ဦး ကော်မတီဖွဲ့ထားတာရှိတယ်။ အခုက ပအိုဝ်းလူငယ်တွေရဲ့ လုပ်ဆောင်ချက် လုပ်ငန်းစဉ်တွေ ဆွေးနွေးမှုတွေကို လေ့လာပြီး ကျနော်တို့ ကရင်လူငယ်တွေအတွက် အကောင်းဆုံးဘာတွေပြင်ဆင်ရမလဲပြီး တော့ ဖိတ်ကြားခြင်းအရ တက်ရောက်ပြီးလေ့လာတာ ဖြစ်တယ်” ဟု ပြောသည်။
နှစ်ရက်တာကျင်းပသည့် ပအိုဝ်းလူငယ်ညီလာခံတွင် ကရင်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီး၊ လူ ဝင်မှုကြီးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး အပါအဝင် ပြည်နယ်ရှိ ဒေသအသီးသီးမှ ပအိုဝ်းလူငယ် များနှင့်အတူ ကရင်လူငယ်၊ မွန်လူငယ်၊ ရှမ်း စသည့် တိုင်းရင်းသားလူငယ်များ စုစုပေါင်း ၃၀ဝ ဦး တက် ရောက်ခဲ့ကြသည်။ ယခုညီလာခံမှ ရရှိလာသည့်အချက်များကို ၂၀၂ဝ မတိုင်မှီကျင်းပရန်ရှိသည့် တစ်မျိုး သားလုံးဆိုင်ရာ ပအိုဝ်းအမျိုးသားညီလာခံတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။