ဧပြီ ၅ရက်၊ ၂၀၁၉ ခုနှစ်။ စောထွန်းလင်း
၁ဝ နှစ်ကျော်ကြာ ပါတီပြင်ပနိုင်ငံရေး လုပ်ဆောင်နေသူ နိုင်ငံရေးအကျဉ်းသူဟောင်း နော်အုန်းလှသည် ပါတီ နို်င်ငံရေး လမ်းကြောင်းကို ပြန်လုပ်ဆောင်တော့မည်ဟု ယနေ့(ဧပြီ ၅ ရက်) ကေအိုင်စီသို့ ပြောသည်။
ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်ဘုရားလမ်းပေါ်ရှိ၊ ရာမကရစ်ရှာနာမစ်ရှင်းခန်းမ၌ ယနေ့ ပြုလုပ်သည့် ၁၉၉ဝ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ နိုင်ငံရေးပါတီ တစ်ရပ်ထူထောင်ရန် မိတ်ဖက်နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံပွဲ အခမ်းအနားတွင် နော်အုန်းလှက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
၎င်းက“လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်က ပါတီပြင်ပနိုင်ငံရေး နဲ့လုပ်တဲ့အခါ မလွယ်ကူတာတွေရှိ တယ်။ ဒါကြောင့် ပါတီနိုင်ငံရေးပြန်လုပ်ဖို့ ရည်ရွယ်တယ်။ ပူးပေါင်းမဲ့ပါတီကတော့ အခု ၉ဝ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က တည်ထောင်မဲ့ ပါတီမှ ဝင်ရောက်လုပ်ကိုင်ဖို့ ရည်ရွယ်ထားတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စ၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ရခိုင်အရေး၊ မြစ်ဆုံအရေး စသည့် အရေးကိစ္စပေါင်းစုံ အခက်အခဲ ကြုံတွေ့နေရပြီး ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခုတည်းက ဖြေရှင်း၍ မရ နိုင်သည့်အပြင် လွှတ်တော်တွင်း လွှတ်တော်ပြင်ပ လက်တွဲဆောင်ရွက်နိုင်မည့် ပါတီတစ်ရပ်ရှိရန်လိုသည်ဟု ယုံကြည်သည့်အတွက် လွှတ်တော်နိုင်ငံရေး ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၉ဝ ပြည့်နှစ် ငပုတော မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး အဖွဲ့အတွင်းရေးမှူးဖြစ်သူ ဦးဒေးဗစ်လှမြင့်က ပြောသည်။
“ ၁၉၉ဝ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ၂၀၂ဝ ရွေးကောက်ပွဲကို ဝင်ပြိုင်မှာ မဟုတ်ပါဘူး။ ပါတီအနေနဲ့ တိုင်းရင်းသား ပြည်နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေနဲ့ အတူ လက်တွဲလို့ ပြည်ထောင်စုကြီးကို တည်ဆောက်သွားမှာပါ” ဟု ဦးဒေးဗစ်လှမြင့်က အခမ်းအနားတွင် ပြောခဲ့ သည်။
၉ဝ ပြည့်နှစ် ပြည်သူ့လွှတ်တော်များ ကိုယ်စားလှယ်အဖွဲ့နှင့် အခမ်းအနားများတွင် မကြာခဏ အတူတက် ရောက်ခြင်းများရှိသလို နိုင်ငံရေး ခံယူချက်တူသည့်အတွက် လက်တွဲလုပ်ဆောင်မှုများလည်းရှိကာ ပါတီတစ်ခု တည်ထောင်မည်ကို ဝမ်းသာအားရ ကြိုဆိုသည်ဟု ကရင်အမျိုးသားပါတီ( KNP) ဒုဥက္ကဌ မန်းထိန်ဝင်းစိန်က အခမ်းအနား အမှာစကားတွင် ထည့်သွင်းပြောဆိုသည်။
ယနေ့ နေ့လည်ပိုင်းတွင်ပြုလုပ်သည့် အခမ်းအနားသို့ ၉ဝ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ဥက္ကဌ၊ ၁၉၉ဝ သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ထွန်းဦးနှင့် ၉ဝ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၊ UNA အဖွဲ့ဝင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ အပါ အဝင် စုစုပေါင်း လူ ၃၀ဝ ဦးကျော်ခန့် တက်ရောက်ခဲ့ကြသည်။
နိုင်ငံရေး အကျဉ်းသူဟောင်းနော်အုန်းလှသည် ၁၉၈၈ အရေးတော်ပုံတွင်ပါဝင်ခဲ့ကာ NLD ပါတီသို့ ဝင်ရောက်ခဲ့ သည်။ သူမကို ၂၀၀၅ ခုနှစ်တွင် NLD ပါတီက ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့သည်။ ထို့နောက် သူမသည် အရပ် ဖက်အဖွဲ့အစည်းများ ဖြစ်သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ (DPN)၊ လယ်သမားသမဂ္ဂ၊ ညီညွတ် သောအမျိုးသား ဒီမိုကရေစီအဖွဲ့(UNDO)၊ ပြည်တွင်းကရင်အမျိုးသမီး အစည်းအရုံး (KWU) စသည့် အဖွဲ့များ တွင် ပါဝင်လှုပ်ရှားခဲ့သည်။
ထိုသို့ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေး လုပ်ဆောင်မှုကြောင့် နော်အုန်းလှအား ၁၉၉၈ ခုနှစ်တွင် စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့ပြီး နိုင်ငံရေးလုပ်ဆောင်မှုတလျောက် ၁၈ ကြိမ် အဖမ်းခံရကာ၊ ၈ ကြိမ် ထောင်ချခြင်းခံရပြီး ထောင်သက်တမ်း ၄ နှစ်ကျော်ရှိသည်ဟု သူမထံမှ သိရသည်။